မုံရွာမြို့နယ်၌ ကျောင်းထိုင်ဆရာတော် ကျောင်းတိုက်၌ ရှိနေစဉ် လုပ်ကြံသတ်ဖြတ်ခံရ၍ ပျံလွန်တော်မူ

PUBLISHED - January 18, 2022
မုံရွာ၊ ဇန်နဝါရီ ၁၈ (People Media)
ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွာထောင်ရွာကျေးရွာ၊ ဘုန်းကြီးကျောင်း တွင် သတင်းသုံးနေထိုင်သည့် ကျောင်းထိုင်ဆရာတော်တစ်ပါးကို အမည်မသိ လက်နက်ကိုင် လူတစ်စုမှ ဆိုင် ကယ်များဖြင့် ကျောင်းတိုက်အတွင်း ဝင်ရောက်လာပြီး လုပ်ကြံသတ်ဖြတ်ခဲ့သည်။
လုပ်ကြံခံရ၍ ပျံလွန်တော်မူသည့် ဆရာတော် ဦးဇဝနသည် သက်တော် ၃၈ နှစ်၊ ဝါတော် ၁၈ ဝါရှိသောကျောင်း ထိုင်ဆရာတော်တစ်ပါးဖြစ်သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းက ရွာထောင်ကျေးရွာ၊ ရွာထောင်ဘုန်းကြီးကျောင်းသို့ ဆိုင်ကယ်လေးစီးဖြင့် အမည်မသိ အမျိုးသား ၁၀ ဦးခန့် ရောက်ရှိလာပြီး ဆရာတော်ကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ သည်။
“နံနက်ပိုင်းမှာ အခြားကိုယ်တော်တွေက အပြင်ကို ဆွမ်းခံကြွတဲ့အချိန် ကျောင်းမှာ ဆရာတော်တွေ မရှိဘူး။ အဲ့ဒီအချိန် ဆရာတော်ကို ဝင်ရောက်လုပ်ကြံသွားတာ။ ဆရာတော်က ငယ်ဖြူတစ်ပါးပါ။ နိုင်ငံရေးတွေမှာ ပါဝင်ခဲ့တဲ့ ဆရာတော်မဟုတ်ပါဘူး” လို့ အဆိုပါကျေးရွာ၌ နေထိုင်သည့် ဆရာတော်၏ ဒါယိကာတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့၌ ဆရာတော်၊ သံဃာ့တော်များ လုပ်ကြံခံရ၍ ပျံလွန်တော်မူလျက်ရှိသည်။
#PeopleMedia #မုံရွာ
(unicode)
…………………………………………………