မုံရွာမြို့တွင် ဆေးကုသမှုခံယူပြီးသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို ပြန်လည်ပို့ဆောင်ပေးရန် ဂန့်ဂေါမြို့နယ် လယ်ကြီး(အနောက်) ကျေးရွာမှ ဒေသခံများ တောင်းဆို
PUBLISHED - August 27, 2024
နေပြည်တော်၊ ဩဂုတ် ၂၇
ပြီးခဲ့သည့် တိုက်ပွဲများအတွင်း ဒဏ်ရာရရှိထားသဖြင့် မုံရွာပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ကာ ဆေးကုသမှု ပေးပြီး ပြန်လည်သက်သာလာသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို ပြန်လည်ပို့ဆောင်ပေးရန် မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ လယ်ကြီး (အနောက်) ကျေးရွာမှ ဒေသခံများက တောင်းဆိုနေကြသည်။
စစ်သွေးကြွ အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးပြီးနောက် ဒဏ်ရာရရှိခဲ့သည့် ပြည်သူ့ စစ်အဖွဲ့ဝင်များကို မုံရွာဆေးရုံသို့ ခေါ်ဆောင်ကာ ဆေးကုသမှု ပေးပြီးနောက် ကောင်းမွန်လာသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို ပြန်လည်ပို့ဆောင်ပေးရန် ဒေသခံများက တောင်းဆိုနေကြခြင်းဖြစ်သည်။
“မုံရွာဆေးရုံမှာ ကုသမှုခံယူပြီးသားသူတွေပေါ့။ အရင် (၅)လပိုင်းတုန်းက ဖြစ်ထားတဲ့ဟာတွေ။ (၂)လပိုင်းတုန်း က ဖြစ်ထားတဲ့ဟာတွေပေါ့။ ပြည်သူ့စစ် (၁၈)ယောက်လောက် ရှိတယ်။ သူတို့က သားသမီးတွေ ထားခဲ့ရတယ်။ ဆွေမျိုးမရှိတော့ သားသမီးတွေ အိမ်နားနီးချင်းတွေကို အပ်ထားခဲ့ရတယ်။ ယောင်္ကျားဖြစ်သူက ထိခိုက်ဒဏ်ရာ ရတယ်။ အမျိုးသမီးကလည်း သွားရတယ်ဆိုတော့ ရွာမှာ ကလေးလေးတွေပဲ ကျန်ခဲ့တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
မုံရွာသို့ ဆေးကုသရန် ရောက်ရှိနေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များ အနေဖြင့် မုံရွာမြို့တွင် ကိုယ်တိုင်ရှာဖွေ စားသောက်နေရပြီး ကျေးရွာတွင် ကျန်ခဲ့သည့် ကလေးငယ်များလည်း ဒုက္ခရောက်နေကြကြောင်း ဒေသခံ တစ်ဦးက ဆက်ပြောသည်။
“ပြည်သူ့စစ်တွေက မုံရွာကနေ မပြန်ရတဲ့အတွက် ဒုက္ခတွေ တော်တော်လေးရောက်ကြတယ်။ တချို့ဆို နှစ်တွေကြာနေပြီ။ မုံရွာမှာ သောင်တင်နေတာပေါ့ဗျာ။ ခန်းမတွေမှာ သူတို့ကိုသူတို့ ရှာဖွေ စားသောက် နေရတယ်လို့ ပြောတယ်။ အဓိကကတော့ ရွာမှာကျန်ခဲ့တဲ့ သားသမီးတွေက ပိုပြီးတော့ စိတ်ထိခိုက်တာပေါ့။ ကျောင်းသားတွေကလည်း ကျောင်းစာတွေထဲ စိတ်မပါတာတွေ ဖြစ်ကုန်တာပေါ့။ ကုပြီးသားသူတွေ ပြန်ပို့ဖို့ နမခမှာ စုံစမ်းကြည့်တော့ အစီအစဉ်မရှိသေးဘူးဆိုတော့ စိတ်မကောင်းဖြစ်နေကြတာပေါ့။ အောက်လမ်းကနေ ပြန်မယ်ဆိုလည်း ဘယ်လိုမှ ပြန်လို့ မရဘူး။ ရဟတ်ယာဉ်နဲ့ကို ပို့မှ အဆင်ပြေမယ့်ကိစ္စဖြစ်နေတာဗျ” ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
#PeopleMedia