မုံရွာမြို့တွင် ရွှေမိုးကုန်စုံဆိုင်ဓားပြတိုက်သူကို နာရီပိုင်းအတွင်း ဖမ်းမိ
PUBLISHED - May 20, 2024
နေပြည်တော်၊ မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက် ကမ်းနားလမ်းနေ ရွှေမိုးကုန်စုံဆိုင်ပိုင်ရှင်အား ဓားဖြင့် ထောက်၍ ဓားပြတိုက်သူကို ပူးပေါင်းအဖွဲ့တို့က နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ဓားပြတိုက်ယူ ဆောင်သွားသောငွေများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်တွင် ပူးပေါင်းအဖွဲ့တို့သည် မုံရွာမြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက် နေစဉ်မုံရွာမြို့ဘုရားကြီးရပ်ကွက် ကမ်းနားလမ်းနေ ရွှေမိုးကုန်စုံဆိုင်ပိုင်ရှင် ဦးဌေးဝင်းက ၎င်း၏နေအိမ်ဆိုင်အတွင်းသို့ ဒုတိယထပ် ပြတင်းပေါက်မှတစ်ဆင့် အသက် ၃၀ ခန့် အမျိုး သားတစ်ဦး ဝင်ရောက်လာပြီး ၎င်းနှင့်ဇနီးဖြစ်သူတို့ကို ဓားထောက်၍ ငွေကျပ်သိန်း ၃၀ ကို ခြိမ်းခြောက် ယူဆောင်သွားကြောင်း နယ်ထိန်းအရာရှိရဲအုပ် စိုးမင်းပိုင်ထံသို့ ဖုန်းဆက်သတင်းပို့ရာ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးသိန်းထွန်း ဦးစီးပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ပြစ်မှုကျူးလွန်သူများ ထွက်ပြေးတိမ်းရှောင်နိုင်သည့် လမ်းကြောင်းများကိုဖြန့်ခွဲ၍ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ရေကူးကန်လမ်းအတိုင်း အနောက်မှ အရှေ့သို့ မသင်္ကာဖွယ်လူနှစ်ဦး ဆိုင်ကယ်ကို နှစ်ယောက်စီး၍ မောင်းနှင်သွားကြောင်း သတင်းရရှိသဖြင့် ပူးပေါင်းအဖွဲ့က လိုက်လံပိတ်ဆို့ရှာဖွေခဲ့ကြောင်း သိရသည်။
ရှာဖွေနေစဉ် နံနက် ၆ နာရီခွဲခန့်တွင် ချမ်းမြဝတီရပ်ကွက် ရေကူးကန်လမ်း ဓမ္မရံသီဘုန်းကြီးကျောင်းအနီး၌ မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီး နှစ်ယောက်စီးနင်းလာသည်ကို စစ်ဆေးစဉ် ၎င်းတို့ထံမှဓားပြတိုက်ယူဆောင်သွား သည့် ငွေကျပ်သိန်း ၃၀ အနက်မှ ငွေကျပ် ၂၇ သိန်း ရှစ်သောင်းနှင့်အတူ စိုးလွင်ဦး(ခ)နန်းဝေဖြိုး(ခ)ရန်နိုင်စိုး အသက် (၃၂) နှစ် မုံရွာမြို့နယ် ဘော်ကယ်ကျေးရွာနေသူနှင့်အတူ ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးသူမောင် မောင်ဦး (၃၇) နှစ် မုံရွာမြို့ လယ်တီရပ်ကွက်နေသူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စိုးလွင်ဦး(ခ)နန်းဝေဖြိုး(ခ)ရန်နိုင်စိုးသည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်က မုံရွာမြို့ ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ SAMSUNG ဖုန်း အရောင်းဆိုင်အတွင်းမှ ဖုန်းမျိုးစုံ ၁၇ လုံးနှင့် ဆက်စပ်ပစ္စည်းများ Laptop တစ်လုံး စုစုပေါင်းတန်ဖိုးငွေကျပ် ၇၇၁၄၂၀၀၀ တို့ကို ခိုးယူခဲ့ဖူးသဖြင့် မုံရွာမြို့မရဲစခန်း (ပ)၂၅၃/၂၀၂၁ ရာဇ သတ်ကြီးပုဒ်မ ၃၈၀ အမှုမှ တရားခံပြေးဖြင့် အမှုဖွင့်လှစ်ခံထားရသူတစ်ဦးဖြစ်ကြောင်း ထပ်မံစစ်ဆေးသိရှိ ရသဖြင့် မုံရွာမြို့မရဲစခန်းက အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
#PeopleMedia