မုံရွာမြို့နယ်၊ နဂါးတွင်းတောထဲ၌ လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးနေသည့် ကွမ်းရွက်ပွဲစားတစ်ဦး အလောင်း တွေ့ရှိ
PUBLISHED - January 19, 2022
မုံရွာ၊ ဇန်နဝါရီ ၁၉ (People Media)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်တိုက်နယ်၊ ကျွန်းကြီးကျေးရွာအနီး၊ နဂါးတွင်းတောထဲ၌ လုပ်ကြံ သတ်ဖြတ်ခံရ၍ သေဆုံးနေသည့် ကွမ်းရွက်ပွဲစားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်း၌ တာဝန်ရှိ သူများက ရှာဖွေတွေ့ရှိခဲ့သည်။
“သေဆုံးသူဟာ ချောင်းဦးမြို့၊ ကံကြီးကုန်းကျေးရွာနေ အသက် ၃၃ နှစ်အရွယ် ကိုကျော်မိုး ဆိုသူဖြစ်တယ်။ သူက ကွမ်းရွက်ပွဲစားလုပ်တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး မုံရွာမြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက “သေဆုံးသူ ကွမ်းရွက်ပွဲစား ကို ကျော်မိုးပါ။ သူ့ရဲ့ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာ ၂ ချက်နဲ့ ရင်ညွှန့် ထိုးသွင်းဒဏ်ရာ ၂ ချက်အရ သေဆုံး နေတာပါ” လို့ ပြောဆိုသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာအနီး၌ မန္တလေးမြို့မှ ကွမ်းရွက်ရောင်းပြီး ပြန်လာသည့် လူ ၈ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရသလို ကွမ်းရောင်းရငွေ ကျပ်သိန်းတစ်ရာ ကျော်ကိုလည်း လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားသည်။
သွန်းသွန်း
#PeopleMedia #မုံရွာမြို့
(unicode)
……………………………………………………