မကွေးတိုင်းအတွင်းရှိ PDF အဖွဲ့များထံပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့်အတူ တရားခံ (၂) ဦးအား ဖမ်းဆီးရမိ
PUBLISHED - February 28, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
မကွေးတိုင်းဒေသကြီးအတွင်းရှိ PDF အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့်အတူ တရားခံ (၂) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တာဝန်သိပြည်သူများ၏ လျှို့ဝှက်စွာသတင်းပေးပို့မှုများအား ဆက်စပ်သတင်းဖော်ထုတ်မှုများအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် နံနက်ပိုင်းတွင် သထုံမြို့၊ ကော့ကရိတ်-သထုံကားလမ်း၊ သထုံမြို့အထွက် ကားဂိတ်၌ ကျိုက်ထိုမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ YGN/RLG-2396 ပရာဒိုယာဉ် အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်မောင်း ဝင်းဇော်နှင့် ဇော်လွင်ဦး(ခ)ဥူးတေဇောဘာသတို့အား MK-12 သေနတ် ၂ လက်၊ M-4 ကာဘိုင် ၂ လက်၊ M-16 သေနတ် ၁ လက်၊ ပွိုင့်-၃၈၀ ရိုင်ဖယ် ၁ လက်၊ AK-47 သေနတ် ၁ လက်၊ Glock ပစ္စတို ၁၀ လက်၊ Sigsauer ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၃၉၈၀ တောင့်၊ ကျည် အိမ်မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၂ ဦးနှင့်အတူ လက်နက်ငယ်မျိုးစုံ ၂၀ လက်၊ ကျည်မျိုးစုံ ၃၉၈၀ တောင့်၊ ကျည် အိမ်မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ဝင်းဇော်နှင့် ဇော်လွင်ဦး(ခ)ဥူးတေဇောဘာသ တို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေ လေးကေ့ကော်၌ အကြမ်း ဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား ၁ လခန့် တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်သင်တန်းတက် ရောက်စဉ် ရင်းနှီးခဲ့သည့် ဖမ်းဆီးရန်ကျန်တရားခံ ဆရာမိုး၊ မြဝတီမြို့နေသူ၏ ချိတ်ဆက်ပေးမှုဖြင့် အကြမ်းဖက် CRPH နှင့် NUG မှ KNLA တပ်မဟာ(၆)ထံမှ ဝယ်ယူခဲ့သည့် လက်နက်/ ခဲယမ်းများအား မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည့် မြိုင် PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီး ရန်ကျန်တရားခံ ရဲသော်တာ(ခ)ကျောက်တိုင်၊ ဗိုလ်လင်္ကျာနှင့် မြိုင်ကြီး(ခ)ယက္ခ တို့ထံသို့ အခကြေးငွေ ရယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လက်နက်/ခဲယမ်းများအား မွေ့ယာ၊ မြက်ဖျာများ၊ အဝတ်အစား ဘေထုပ်အိတ်များနှင့် မုန့်ပုံးများအတွင်း၌ ထည့်သွင်းသိုဝှက်၍ ခရီးသည်တင်ကားများဖြင့် ပို့ဆောင်ခြင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်များအား သာသနာပိုင်ယာဉ်၊ လူမှုကယ်ဆယ်ရေးယာဉ် နံပါတ်ပြားများ တပ်ဆင်၍ ပုံမှားရိုက် ခရီးသွားဟန်လွဲ ပြုလုပ်ပို့ဆောင်ခြင်း၊ ယာဉ်အောက်ကြမ်းခင်းများအတွင်း အံဝှက်များ ပြုလုပ်၍ ထည့်သွင်းပို့ဆောင်ကာ လမ်းကြောင်းတစ်လျှောက် အဆင့်ဆင့်လက်ပြောင်း လက်လွှဲပြုလုပ်၍လျှို့ဝှက်စွာ သယ်ဆောင်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဦးမှုသတင်းရယူကာ စနစ်တကျပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia
(unicode)
……………………………………………………
#PeopleMedia