မေတ္တာမြို့ရဲစခန်းကို PDF အဖွဲ့ဝင်များ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ စခန်းဆုတ်ခွါပေးလိုက် ရပြီး တပ်ထံ သွားရောက်ပူးပေါင်း
PUBLISHED - February 26, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ နယ်မြေရဲစခန်းကို PDF အဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စခန်းယာယီဆုတ်ခွါပေးလိုက်ရပြီး မေတ္တာဗျူဟာစခန်းထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၂၃)ရက် ညနေ (၆)နာရီအချိန်က မေတ္တာမြို့ နယ်မြေရဲစခန်းသို့ PDF အဖွဲ့ဝင် အင်အား (၃၀၀) ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွါးခဲ့ရာ လက်နက်အင်အား၊ လူအင်အား မမျှသဖြင့် မေတ္တာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရဲစခန်း၏ အရှေ့ဘက် (၄)ဖာလုံခန့်အကွာရှိ မေတ္တာဗျူဟာသို့ လက်နက်ခဲယမ်းများ၊ အရေးကြီး စာရွက် စာတမ်းများဖြင့် သွားရောက်ပူးပေါင်းခဲ့ရကြောင်း သိရသည်။
ယင်းအပြင် မေတ္တာမြို့အနီး PDF အဖွဲ့ဝင်များ လှုပ်ရှားနေမှုကြောင့် မေတ္တာမြို့ ထွေ/အုပ် ရုံးမှ ဝန်ထမ်းများ သည် ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ ကွန်ပျူတာများ၊ အရေးကြီးစာရွက်စာတမ်းများနှင့်အတူ မေတ္တာဗျူဟာ သို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း သိရသည်။
PDF အဖွဲ့ဝင်များ မေတ္တာမြို့အနီးတစ်ဝိုက် လှုပ်ရှားနေမှုကြောင့် မြို့ခံပြည်သူများ တိမ်းရှောင်လျက်ရှိနေပြီး အထက (မေတ္တာ) စာစစ်ဌာနတွင် Grade-5 နှင့် Grade-9 စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ လာ ရောက်ဖြေဆိုခြင်းဘဲ မိဘများနှင့်အတူ ရှောင်တိမ်းနေကြောင်း သိရသည်။
#PeopleMedia