မောင်တောနှင့် ပလက်ဝတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်၍ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း
PUBLISHED - August 7, 2023
နေပြည်တော်၊ သြဂုတ် ၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် ဩဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ဒေသခံများဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ ကြရကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ဩဂုတ်လ ၆ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်း၌ တောင်ကျရေများ ပြင်းထန်စွာ စီးဆင်းခဲ့ပြီး မောင်တော-အောင်သပြေ ကားလမ်းပေါ်ရှိ လက်ယာချောင်း ဘေလီတံတား ပေ ၃၀ ခန့် ရေထဲ မျောပါပျက်စီးသွားခဲ့သဖြင့် ယာဉ်များသွားလာ၍မရကြောင်း၊ အလားတူ လက်ယာချောင်း ချောင်းရေမြင့်တက် လာသဖြင့် သစ်တုံးနားခွဆုံကျေးရွာရှိ အိမ်ခြေ ၂၁၇ လုံးအနက် ၄၁ လုံးမှာ ရေနစ်မြှုပ်နေသဖြင့် အဆိုပါ နေအိမ်များ၌ နေထိုင်နေသူများ အိုးထိန်းရွာရှိ ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
ထို့အတူ ပလက်ဝမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မရပ်ကွက်၊ သာယာကုန်းရပ်ရှိ ဧဝံ ဂေလိအသင်းတော်(PEC) ပိုင် အဆောင်မြေပြိုကျ ပျက်စီးခြင်း၊ မြို့မရပ်ကွက်၊ မြို့နယ်ထွေ/အုပ်ရုံး ဝန် ထမ်းအိမ်ရာရှိ ကတ္တရာလမ်း ၆ ပေခန့်နှင့် ဖောင်ဒေးရှင်းနံရံအတွင်းရှိမြေနံရံ ၈ ပေခန့် ရေတိုက်စား ပြိုကျခဲ့ ခြင်းနှင့် သကျော်ဝကျေးရွာအနီးရှိ ပလက်ဝ-မတူပီကားလမ်း မိုင်တိုင်အမှတ်၊ ၁၁၂/၅ မိုင်ရှိ ကွန်ကရစ်ကြမ်း ခင်းတံတား အုတ်စီကမ်းကပ်ခုံ ရေတိုက်စားပြိုကျခဲ့မှုပြီး တံတားချဉ်းကပ်လမ်း ၁၅ ပေခန့်ပျက်စီးခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
#PeopleMedia