မော်ကျွန်းမြို့နယ်၊ သူရဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ ပြည်သူ (၇) ဦးထံမှ ငွေကြေး (၂၁၉) သိန်းရယူ၊ အရေးယူနိုင်ရန် မြို့နယ်စီမံအဖွဲ့မှ ခရိုင်စီမံအဖွဲ့ထံ သဘောထား တောင်းခံသော်လည်း ခရိုင်စီမံမှ အကြောင်းမပြန်
PUBLISHED - August 8, 2024
နေပြည်တော်၊ ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သူရဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးနှစ်ဦးမှ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ ပြည်သူ (၇)ဦးထံမှ ငွေကြေး (၂၁၉)သိန်း ရယူခဲ့သဖြင့် အရေးယူနိုင်ရန် မြို့နယ်စီမံအဖွဲ့မှ ခရိုင်စီမံအဖွဲ့ထံ သဘောထား တောင်းခံသော်လည်း ခရိုင်စီမံအဖွဲ့မှ အကြောင်းမပြန်ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ သူရဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ပိုင်၊ ရာအိမ်မှူး ဦးလှခင်နှင့် ဦးမင်းဇော်ဦး တို့သည် စစ်မှုထမ်းဆောင်ရန်အတွက် ရှောင်လွှဲပေးမည်ဖြစ်ကြောင်း ပြောဆို၍ ကျေးရွာနေ စစ်မှုထမ်းရန် အကျုံးဝင်သူ (၇)ဦး၏ မိဘဆွေမျိုးများထံမှ ငွေကြေး (၂၁၉)သိန်း တောင်းယူခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်မှုထမ်းရန် အကျုံးဝင်သူ မိဘဆွေမျိုး (၇)ဦးအနက်မှ ငွေကျပ် (၂၁)သိန်းစီ တောင်းယူထားသူ (၂)ဦး၏ ငွေများ ပြန်လည် ပေးအပ်ခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးအနေဖြင့် ငွေကျပ် (၁၇၇)သိန်းတိတိအား ပြည်သူ့စစ်မှုထမ်းကိစ္စ အကြောင်းပြကာ ကိုယ်ကျိုးသုံးစွဲထားကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ပြည်သူ့စစ်မှုထမ်းကိစ္စကို အကြောင်းပြကာ ငွေကျပ် (၁၇၇)သိန်း ကိုယ်ကျိုးသုံးစွဲခဲ့သူ သူရဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှ ရပ်နားခွင့် ပြုပါရန်နှင့် ၎င်းအား ဆက်လက်အရေးယူရန် မြို့နယ်စီမံအဖွဲ့မှ ခရိုင်စီမံအဖွဲ့ထံ သဘောထားတောင်းခံထားသော်လည်း ခရိုင်စီမံအဖွဲ့မှ အကြောင်း မပြန်သေးကြောင်း သိရသည်။
#PeopleMedia