မော်တော်ဆိုင်ကယ်ပေါ်မှ အရှိန်လွန်၍ ပြုတ်ကျသည့် အမျိုးသမီးတစ်ဦး တွဲကားကြိတ်ခံရ၍ ပွဲချင်းပြီးသေဆုံး
PUBLISHED - December 2, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်ငူပြည်သူ့ဆေးရုံကြီးအရှေ့တွင် မော်တော်ဆိုင်ကယ်ပေါ်မှ အရှိန်လွန်၍ ပြုတ်ကျသည့် အမျိုးသမီးတစ်ဦး တွဲကားကြိတ်ခံရ၍ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁ ရက် ညနေ ၅:၃၀ အချိန်တွင် တောင်ငူပြည်သူ့ဆေးရုံကြီးရှေ့၌ ရပ်ထားသည့် မော်တော်ယာဉ်မှ ကားတံခါးအား ဖွင့်ချိန် ထိုကားတံခါးကို မော်တော်ဆိုင်ကယ်မှရှောင်ရင်း ဆိုင်ကယ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးမှာ ပြုတ်ကျ၍ တစ်လမ်းထဲတွင် မောင်းနှင်လာသည့် တွဲကားမှာ အရှိန် လွန်၍ ထိုအမျိုးသမီးကို ကြိတ်မိခဲ့ကြောင်း သိရသည်။
“မော်တော်ဆိုင်ကယ်ပေါ်မှာ သားအဖ ၃ ယောက်ပါလာတာ။ အဲ့ချိန်မှာ ရပ်ထားတဲ့ကားက ကားတံခါးဖွင့်တာ အဲ့တံခါးကိုဆိုင်ကယ်ကရှောင်ရင်းနဲ့ အရှိန်လွန်ပြီး အမျိုးသမီးကပြုတ်ကြတာ။ အဲ့မှာ တစ်လမ်းထဲမောင်းလာတဲ့ တွဲကားကကြိတ်မိတော့ အဲ့ဒီအမျိုးသမီးရဲ့ ခါးပြတ်သွားတယ်။ ကျန်တဲ့ ၂ ယောက်တော့ ပွန်းပဲ့ဒဏ်ရာရတယ်” လို့ ရွှေမင်းဝင်အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေးပရဟိတအသင်းမှ ဆရာတော် အရှင်စန္ဒောဘာသ မိန့်ကြားသည်။
အဆိုပါယာဉ်တိုက်မူဖြစ်သည့်နေရာသို့ တာဝန်ရှိသူများရောက်ရှိလာပြီး တွဲကားမောင်းသည့် ယာဉ်မောင်းအမျိုးသားကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
#PeopleMedia