မော်လမြိုင်မြို့ရှိ မင်းသန့်ဆီဆိုင်မီးလောင်မှုတွင် ၁ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိ
PUBLISHED - November 8, 2024
နေပြည်တော်၊ နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် မင်းသန့် ဆီဆိုင် မီးလောင်မှုဖြစ်စဉ်တွင် ၁ ဦး သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မင်းသန့်ဆီဆိုင် ဆီဘောက်ဆာတွဲကား ယာဉ်မောင်း ၁ ဦး ယနေ့ နံနက် ၅ နာရီကျော်ချိန် ဆေးကုသနေစဉ် မီးလောင်ဒဏ်ရာများကြောင့် ကွယ်လွန်ဆုံးပါးသွားပါတယ်။” ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ လူမှုကွန်ရက်၌ အသိပေးထားသည်။
နိုဝင်ဘာလ ၇ ရက်နေ့၊ ညနေ ၅ နာရီ ၂၀ အချိန်ခန့်က မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် ဆီဘောက်ဆာယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မွန်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ် ယာဉ် (၆)စီး၊ မီးသတ်ရေသယ်ယာဉ် (၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ် (၄)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်မှုစတင်ဖြစ်ပွားချိန်တွင် မင်းသန့်ဆီဆိုင်ရှိ ယာဉ်မောင်း ၁ ဦး၊ ပိုင်ရှင် ၁ ဦးတို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး၊ မီးငြိမ်းနေစဉ် ထပ်မံပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် (၈)ဦး၊ ဘိုဘိုဝင်းအဖွဲ့ (၃)ဦး၊ ရွှေနတ်တောင်အဖွဲ့ (၅)ဦး၊ အေးမြကြည်လင်းအဖွဲ့(၁)ဦး၊ ဖေးမကူညီအဖွဲ့ (၂)ဦး၊ မေဓါရာမအဖွဲ့ (၁)ဦး စုစုပေါင်း(၂၀)ဦး ထပ်မံ မီးလောင်ဒဏ်ရာရှိခဲ့၍ မော်လမြိုင်ဆေးရုံကြီးတွင် မီးလောင်ဒဏ်ရာရရှိသူများ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
#PeopleMedia