မော်လမြိုင်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေဆွဲကြိုးခိုးယူသွားသည့် နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးရမိ

PUBLISHED - August 19, 2023
နေပြည်တော်၊ သြဂုတ် ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြိုင်ရတနာလေးထပ်ဈေးရှိ စိန်ရွှေရတနာဆိုင်တစ်ဆိုင်မှ ရွှေဆွဲကြိုးခိုးယူ သွားသည့် နိုင်ငံခြားသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၇ ရက် နံနက် ၁၀ နာရီကျော်အချိန်က မော်လမြိုင်မြို့၊ မြိုင်ရတနာလေးထပ်ဈေးရှိ စိန်ရွှေရတနာဆိုင်တစ်ဆိုင်ကို နိုင်ငံခြားသားအမျိုးသားနှင့် အမျိုးသမီးတစ်ဦး ရောက်လာပြီး ရွှေဝယ်မည့်ပုံစံ ဟန်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဆိုင်ဝန်ထမ်းမှ ၎င်းတို့ ၂ ဦးအား ရွေဆွဲကြိုးများကို ပြသနေစဉ် နိုင်ငံခြားသူမှ ဆွဲကြိုးများ ယူကြည့်ပြီးနောက် နှစ်ကျပ်သားဆွဲကြိုးကို လက်ထဲ၌ ဖွက်ထားကာ ကျန်ဆွဲကြိုးကိုသာ ပြန်ပေးခဲ့ ပြီး နှစ်ကျပ်သားရွှေဆွဲကြိုးကို ခိုးယူသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ရွှေဆွဲကြိုးခိုးယူသူများအား အရေးယူပေးရန် နယ်မြေခံရဲစခန်းတွင် သွားရောက်တိုင်တန်းထားရာ အဆိုပါ နိုင်ငံခြားသား ၂ ဦးကို တောင်ငူမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia