မော်လိုက်မြို့နယ် ထော်သာပြည်သူ့စစ်ကျေးရွာသို့ ရိက္ခာပို့ဆောင်ရန်သွားသည့်အဖွဲ့ စစ်သွေးကြွများ၏ ပိတ်ဆို့ပစ်ခတ်မှုကြောင့် ပြန်လှည့်သွား
PUBLISHED - September 10, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ထော်သာပြည်သူ့စစ်ကျေးရွာသို့ ရိက္ခာသွားရောက်ပို့ဆောင်သည့် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များအား စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ပိတ်ဆို့ပစ်ခတ်မှုကြောင့် မော်လိုက်မြို့ ပေါ်သို့ ပြန်လည်ဆုတ်ခွါသွားကြောင်း သိရသည်။
ဩဂုတ်လ (၂၄)ရက်က မော်လိုက်မြို့ပေါ်ရှိ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့မှ ထော်သာကျေးရွာသို့ ရိက္ခာနှင့် လိုအပ်သည့် ထောက်ပို့ ပစ္စည်းများ ပို့ဆောင်ရန်ထွက်ခွါလာရာ တောင်းအင်းစခန်းသို့ရောက်ရှိချိန်၌ စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် သာနန်းတောကျေးရွာဘက်မှ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယင်းသို့ စစ်သွေးကြွများ၏ ပိတ်ဆို့ပစ်ခတ်မှုကြောင့် လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များသည် ဩဂုတ်လ (၃၀)ရက်တွင် တောင်းအင်းစခန်းမှ မော်လိုက်မြို့ပေါ်သို့ ပြန်လည်ဆုတ်ခွါသွားကြောင်း သိရသည်။
ယင်းအတွက်ကြောင့် ထော်သာပြည်သူ့စစ်ကျေးရွာတွင် လက်ရှိအချိန်ထိ ရိက္ခာ နှင့် ထောက်ပို့ပစ္စည်းများ ပြတ်တောက်လျက်ရှိနေပြီး ကျေးရွာသူ/သားများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
ထော်သာကျေးရွာသည် မော်လိုက်မြို့နှင့် (၁၃)မိုင်သာ ဝေးကွာပြီး ရိက္ခာပြတ်တောက်နေသည်မှာ (၂)နှစ်ခန့် ကြာမြင့်နေပြီဖြစ်သဖြင့် လေကြောင်းဖြင့် အမြန်ဆုံးပို့ဆောင်ပေးရန် ဒေသခံများက နစက အစိုးရထံ တောင်းဆိုနေကြသည်။
#PeopleMedia