• Follow Us on
Latest News

Home မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

 

မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

(၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။

 

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအို ပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်းတို့ တက် ရောက်ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၁၆ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၇ နှစ်တာ ကာလအတွင်း အခြေခံအဆင့်ကိုကျော်ဖြတ်၍ ဘက်စုံဖွံ့ဖြိုး တိုးတက်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ် အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆သန်း တန်ဖိုးရှိသည့် အထူးရန်ပုံငွေ စီမံကိန်း ၁၀၆ ခုရရှိထားပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုလျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအား အထောက်အပံ့နှင့် အကူအညီများ ဆက်လက်ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စီးပွားရေး ခေတ်မီတိုးတက်လာစေရေးတို့အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ် အောက်တွင် အချင်းချင်းအပြန်အလှန် အကူအညီပေးသင့်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင်-လန်ချန်း ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော် ဆောင် ရွက်သင့်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှု စင်္ကြံ ဖော်ဆောင်မှုနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာ စီမံချက်ရေးဆွဲ မှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် မဲခေါင်-လန်ချန်း ခရီးသွားလာရေး မြို့တော်များ တည်ထောင်ခြင်း၊ မဲခေါင်-လန်ချန်း လေကြောင်း ခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက် ထူထောင်ခြင်း လုပ်ငန်းစဉ်များကို ကြိုဆိုကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ် ဆေးဝါး တရားမဝင် ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ စသည့် ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မဲခေါင်-လန်ချန်း လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနက ဆောင် ရွက်လျက်ရှိသည့် ဒေသတွင်း ပူးပေါင်းညှိနှိုင်းရေးအခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

အစည်းအဝေးတွင် အနာဂတ်လုပ်ငန်းအစီအစဉ်များအတွက် မူဝါဒလမ်းညွှန် တစ်ရပ်အဖြစ် နေပြည်တော် ကြေညာစာတမ်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီး ချင်းကောင်းပီသမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက် တွေ့ကျသော ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)နှင့်  မဲခေါင်-လန်ချန်း တီထွင်ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုး တက်ရေး ပူးတွဲအစီအစဉ်တို့ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

 

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post