မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဝန်ကြီးဌာန (၆) ခုကဆောင်ရွက်မည့် စီမံကိန်းစုစုပေါင်း (၁၂) ခုအတွက် အမေရိကန်ဒေါ်လာ ၃.၆ သန်းကို တရုတ်က မြန်မာထံသို့ လွှဲပြောင်းပေးအပ်မည်

PUBLISHED - June 15, 2024
နေပြည်တော်၊ ဇွန် ၁၅
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန (၆) ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းစုစုပေါင်း (၁၂) ခုအတွက် အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှု ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားတစ်ရပ်ကို ဇွန်လ ၁၄ ရက်နေ့တွင် နေပြည် တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူ ဘောင်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် (၇) ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းများကို ထောက်ပံ့ပေးအပ်သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း ပြောသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ကလည်း အဖွင့်အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ရင်းနှီးခင်မင်မှု၊ အပြန်အလှန် နားလည်လေးစားမှုနှင့် အကူအညီပေးမှုများကို ပြန်လည်အမှတ်ရပါကြောင်းနှင့် မဲခေါင်-လန်ချန်း ပူး ပေါင်းဆောင်ရွက်မှုသည် မျှဝေသည့် အနာဂတ်အသိုက်အဝန်းတစ်ခုကို ပူးပေါင်းတည်ဆောက်ရာတွင် အရေးပါသောစင်္ကြံတစ်ခုဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပါအဝင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံရေးရာနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်၊ မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အကောင် အထည်ဖော်ရာတွင် ဆက်လက်၍ အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။
အဆိုပါသဘောတူညီချက်အရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံ ၏ ဝန်ကြီးဌာန (၆) ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းစုစုပေါင်း (၁၂) ခုအတွက် အမေရိ ကန်ဒေါ်လာ ၃.၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ပါသည်။
အဆိုပါ စီမံကိန်း (၁၂) ခုကို စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်း ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုသော အလေ့ အထနှင့် တီထွင်ဆန်းသစ်မှုများဆောင်ရွက်ရေး၊ ကျေးရွာအဆင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သတင်းအချက် အလက်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် ယဉ်ကျေးမှုကဏ္ဍမြှင့်တင်ရေး စသည့်နယ်ပယ်များ၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှတစ်ဆင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၃၅) သန်းခန့် တန်ဖိုးရှိသော ကဏ္ဍပေါင်းစုံ စီမံကိန်း (၁၁၈) ခုကို လက်ခံရရှိပြီးဖြစ်သည်။
#PeopleMedia