မဲစာရင်းများပြည့်စုံမှန်ကန်ရေးစိစစ်ရာတွင် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်ဆောင် ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌပြောဆို

PUBLISHED - January 13, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၃
မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးစိစစ်ရာတွင် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင် ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆိုခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီများတွေ့ဆုံ၍ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အကြံပြုချက်စာတမ်းဖတ်ပွဲ အခမ်းအနားကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ် အရ ပြန်လည်မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၆၅ ပါတီရှိပြီး ၎င်းတို့အနက် ၄၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ပါတီများအနက် ပါတီ ၂ ပါတီ ဖျက်သိမ်း ခဲ့ရခြင်းကြောင့် တည်ဆဲနိုင်ငံရေးပါတီ ၄၅ပါတီရှိကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ပါတီဝင်အင်အားကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် စည်းရုံးရေးနှင့် သတ်မှတ်ပါတီရုံးခန်းအရေအတွက် ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြ ရန်လိုကြောင်း ပြောဆိုသည်။
ယနေ့ထိ ရက်ပေါင်း ၉၀ ပြည့်သည့် နိုင်ငံရေးပါတီ ၃၅ ပါတီအနက် ၂၈ ပါတီသာ သတ်မှတ်အင်အားပြည့်မီ သည်ကို တွေ့ရှိရကြောင်း၊ ပါတီရုံးခန်းများ ဖွင့်လှစ်ရာတွင်လည်း ရက်ပေါင်း ၁၈၀ ပြည့်ပြီးသည့် နိုင်ငံရေးပါတီ ၃၂ ပါတီအနက် ၁၉ ပါတီသာ သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ပါတီဝင်အင်အားနှင့် ရုံးခန်းဖွင့်လှစ်ခြင်းကို သတ်မှတ်ချက်နှင့်အညီ ပြည့်မီအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပါတီရုံးခန်းဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရရှိ ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီများကို ညှိနှိုင်းအကြောင်းကြားပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ပါတီအားလုံး ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရရှိစေရန် ဥပဒေနှင့်အညီ အချိန်ပေးပြီး စိတ်ရှည်စွာပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နေခြင်းကြောင့် ပါတီဝင်အင်အားပြည့်မီရေး အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ သတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေ စည်းရုံးခြင်းနှင့် ပါတီရုံးခန်းများ ဖွင့်လှစ်ခြင်းကို ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်း ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ဥပဒေနှင့်အညီ တိကျစွာ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရန်လို ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေး ကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR)ဖြင့် ကျင်းပမည်ဖြစ်ရာ စနစ်နှင့်ကိုက်ညီသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးစိစစ်ရာတွင် သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ခွင့်ပြု မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို လွတ်လပ်၊ တရားမျှတမှုရှိစေရန် ကော်မရှင်အနေဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တိကျစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောဆိုခဲ့သည်။
#PeopleMedia