မြင်းခြံ- ဆီမီးခုံကားလမ်းတွင် ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် အရပ်သားတစ်ဦးကို PDF အဖွဲ့ဝင်များမှ ပစ်ခတ်သတ်ဖြတ်
PUBLISHED - January 23, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ- ဆီမီးခုံကားလမ်းရှိ တောပုကျေးရွာနှင့် ဆင်းဂွတ်ကျေးရွာကြား တွင် မြင်းခြံမြို့မှ ဆီမီးခုံရဲစခန်းသို့ ပြန်လာသည့် ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် အရပ်သားတစ်ဦးတို့ကို PDF အဖွဲ့ဝင် များမှ စောင့်ကြိုပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။
ဇန်နဝါရီလ ၂၂ ရက် နေ့လည် ၁ နာရီခွဲခန့်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွက် မန္တလေးမြို့သို့ လူတွေ့ ဆေးစစ်ဆေးမှု ခံယူပြီး မြင်းခြံရဲတပ်ဖွဲ့မှူးရုံးမှ ထွက်ခွါလာသည့် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားအား မြင်းခြံ- ဆီမီးခုံကားလမ်း တောပုကျေးရွာနှင့် ဆင်းဂွတ်ကျေးရွာကြား အရောက်တွင် PDF အဖွဲ့ ဝင်များမှ အသင့်စောင့်ဆိုင်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် ဒုရဲအုပ် ထင်အောင်ကျော် (၃၇)နှစ်၊ ရဲဒုတပ်ကြပ် စိုးဇေယျာမင်း (၃၂)နှစ်၊ ရဲတပ်သား အောင်သူရထွန်း (၂၅)နှစ်၊ တပ်သား မသော်သော်မျိုး (၂၆)နှစ်၊ ရဲတပ်သား မပန်းအိဖြူနှင့် ယာဉ်မောင်း ဦးအောင်ဖြိုးသန့် (၂၃)နှစ်တို့ သေဆုံးသွားကြောင်း သိရသည်။
၎င်းနောက်တွင် PDF အဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်လာသည့် 38V ခြောက်လုံးပြူး သေနတ် ၁ လက်၊ ကျည်ဆံ ၁၄ တောင့် ၊ MA 13 သေနတ် ၁ လက်၊ ကျည်ဆံ ၁၂၀ ၊ BA 63 အရပ်အခေါ် ဂျီသရီး သေ နတ် ၂ လက်၊ ကျည်ဆံ ၂၀၀ တောင့် ၊ MG လက်ပစ်ဗုံး ၂ လုံး စသည့် လက်နက်ခဲယမ်းများကို ယူဆောင်သွား ကြောင်း သိရသည်။
ယင်းအပြင် PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် WISH(အဖြူရောင်) ယာဉ် ၏ ဝဲ/ယာကိုယ်ထည်၊ နောက်လေကာမှန်တို့သည် လက်နက်ငယ် ကျည်ထိမှန်၍ ကွဲအက် ပျက်စီးခဲ့ကြောင်း သိရသည်။
#PeopleMedia