မြစ်ကူးစစ်ဆင်ရေးလေ့ကျင့်နေစဉ် အိန္ဒိယကြည်းတပ်တင့်ကားတစ်စီး နစ်မြုပ်ပြီးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
PUBLISHED - July 3, 2024
နိုင်ငံတကာ၊ ဇူလိုင် ၃
အိန္ဒိယတပ်မတော်က တင့်ကားတစ်စီးဟာ ဝေးလံခေါင်ဖျားလာဒက်ပြည်နယ်က မြစ်တစ်စင်းကို ဖြတ်ကျော်စဉ် မြစ်ထဲမှာ နစ်မြုပ်သွားပြီး တင့်ကားတပ်ဖွဲ့ဝင် ငါးဦးစလုံး သေဆုံးသွားပါတယ်။
ရှားယော့ခ်မြစ်ကို တင့်ကားတစ်စီးဖြတ်သန်းစဉ် ရုတ်တရက် ရေမြင့်တက်လာတဲ့အတွက် အဆိုပါတင့်ကားနစ် မြုပ်သွားခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ အဲဒီနေရာကို အမြန်ဆုံးရောက်ရှိလာပေမဲ့ ရေစီးပြင်းထန်တဲ့အတွက် ကယ်ဆယ် ရေးလုပ်ငန်း မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။
“နိုင်ငံအရှေ့ဘက် လာဒက်ပြည်နယ်မှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ဖို့ တပ်ဖြန့်ချထားစဉ်အတွင်း ရဲရင့်တဲ့ တပ်ဖွဲ့ဝင်ငါးဦး ကျဆုံးသွားတဲ့အတွက် အိန္ဒိယတပ်မတော်က ဝမ်းနည်းကြေကွဲမိပါတယ်။” လို့ အမှတ် ၁၄ တပ် ရင်းက ကြေညာခဲ့ပါတယ်။
အဲဒီတင့်ကားနဲ့ တင့်တပ်ဖွဲ့ဝင်တွေဟာ အိန္ဒိယ-တရုတ် နယ်နိမိတ်ပိုင်းခြားမျဉ်း LAC (Line of Actual Control) အနီး စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ နစ်မြုပ်သွားတဲ့တင့်ကားဟာ ရုရှားထုတ် T-72 တင့်ကားဖြစ်ပါတယ်။
အဲဒီတင့်ကားဟာ တခြား ကုန်းရေနှစ်သွယ်သွားယာဉ်တွေနဲ့အတူ လေးငါးမီတာအနက်ရှိတဲ့ မြစ်ဖြတ်ကူးတဲ့ သင်ခန်းစာကို လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။
တခြားယာဉ်တွေဟာ ရေအောက်မှာ အောင်မြင်စွာငုပ်လျှိုး မောင်းနှင်နိုင်ခဲ့ပေမဲ့ အဲဒီနစ်မြုပ်သွားတဲ့ T-72 တင့် ကားဟာ မြစ်ဖြတ်ကူးစဉ် ရုတ်တရက် ရေထဲမျောပါသွားပြီး လမ်းကြောင်း ပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်း စုံ စမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။
ကျဆုံးသွားတဲ့စစ်သည်တွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရတ်နသ်ဆင်းက ပြီးခဲ့တဲ့စနေနေ့က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
ဝန်ကြီးက ဒီဖြစ်စဉ်ကို ကံဆိုးမိုးမှောင်ကျမှုအဖြစ်ပြောဆိုခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်တွေအတွက်လည်း စာနာ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။
“တိုင်းပြည်အတွက် ရဲရင့်တဲ့ ကျွန်တော်တို့ စစ်သည်တော်တွေရဲ့ စံနမူနာယူထိုက်တဲ့တာဝန်ထမ်းဆောင်မှုကို ကျွန်တော်တို့ ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
Ref: Five Dead as Indian Army Tank Sinks While Crossing River
#PeopleMedia