မြစ်ကြီးနားမြို့တွင် KIA/ KIO ဥက္ကဋ္ဌ အင်ဘန်လ အိမ်ခြံနား ဗုံးပေါက်ကွဲ
PUBLISHED - January 31, 2024
မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ KIA/ KIO ဥက္ကဋ္ဌဖြစ်သည့် အင်ဘန်လ အိမ်ခြံရှေ့အနီးတွင် ယမန်နေ့ ဇန်နဝါရီလ (၃၀) ရက်နေ့၊ ည ၈ နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ယမန်နေ့ည (၈)နာရီခန့်က စီတာပူရပ်ကွက်အတွင်းရှိ KIA/ KIO ဥက္ကဋ္ဌဖြစ်သည့် အင်ဘန်လ၏ နေအိမ်ရှေ့ ခြံစည်းရိုးအုတ်တံတိုင်းအနီး လက်လုပ်မိုင်းဟု ယူဆရသည့် ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။
“မနေကညက ဆိုင်ကယ်တစ်စီးလူနှစ်ယောက် 125 ဆိုင်ကယ်လို့ထင်တယ်။ စီးလာပြီး လမ်းကြားထဲဝင်လာ တယ်။ နောက်ပြန်ခေါက်ပြီး ပစ်သွားတယ်။ အဲ့ဒီအိမ်က လူတွေက အိမ်ထဲမှာပဲနေတော့ ထိခိုက်မှုမရှိခဲ့ဘူး။ ခြံစည်းရိုးအုတ်တံတိုင်း ပျက်စီးသွားတယ်” ဟု ၎င်းကပြောသည်။
ယင်းအိမ်ရှေ့အနီး ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦး ရောက်ရှိလာကာ မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အိမ်ရှေ့အုတ်တံတိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ယခုလပိုင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်များမကြာခဏဖြစ်ပွားကာ ဇန်နဝါရီလ ၁၅ ရက်နေ့ က ရမ်ပူရပ်ကွက်ရှိ လီဆူဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းအိမ်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ မှ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပန်ပန်
#PeopleMedia