မြစ်ကြီးနားမြို့ပေါ်တွင် ဧည့်စာရင်းစစ်ဆေးမှုများ ရှိလာ၍ ဧည့်စာရင်းတိုင်သူ များပြားလာ
PUBLISHED - June 14, 2024
မြစ်ကြီးနား၊ ဇွန် ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဧည့်စာရင်းစစ်ဆေးခြင်းများ ရှိလာ၍ သက်ဆိုင်ရာ ရပ်ကျေးရုံးတို့တွင် ဧည့်စာရင်းတိုင်လာသူ များပြားလျက်ရှိကြောင်း ကြက်ပေါင်ခြံရပ်ကွက်နေ ပြည်သူများက ဆိုသည်။
မေလ နောက်ဆုံးအပတ်ကစ၍ မြို့ပေါ်ရှိ ရပ်ကွက်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များက ဧည့်စာရင်း စစ်ဆေးမှုများရှိလာ၍ ဧည့်စာရင်းတိုင်တန်းမှု ပျက်ကွက်သူများကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လာသည့် အတွက် ရပ်ကွက်ရုံးများတွင် ဧည့်စာရင်းတိုင်တန်းသူ များပြားလျက်ရှိကြောင်း ကြက်ပေါင်ခြံ ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
“ဒီလထဲမှာ ဧည့်စာရင်းမတိုင်လို့ ဖမ်းဆီးခံရသူတွေ ရှိသလို ညမထွက်ရအမိန့် ချိုးဖောက်သူတွေလည်း ဖမ်းခံ ရတယ်။ အဲ့လို လိုက်လံစစ်ဆေး အရေးယူလာတော့ ကိုယ့်ရပ်ကွက်ရုံးမှာ အိမ်ထောင်စုကိုင်ပြီး ဧည့်စာရင်းတိုင် နေရတယ်” ဟု ၎င်းကရှင်းပြသည်။
မြစ်ကြီးနားမြို့၊ အမှတ်(၂) ရဲစခန်းနယ်မြေအတွင်း ပါဝင်သည့် ကြက်ပေါင်ခြံ၊ ရမ်ပူ၊ လယ်ကုန်း၊ အောင်နန်း၊ ခေမာသီရိ၊ ကျွန်းပင်သာ၊ ကချင်စု စသည့် ရပ်ကွက်များတွင် နေထိုင်လျက်ရှိသည့် ပြည်သူများမှာ ၎င်းတို့၏ ရပ်ကျေးရုံးတွင် ဧည့်စာရင်းတိုင်မှု များပြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်များတွင် ပြီးခဲ့သည့်ရက်ပိုင်းက လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့များက ဧည့်စာရင်း မတိုင်ကြားသူ၊ ညမထွက်ရ ဒေသန္တရအမိန့် ချိုးဖောက်သူ (၄၀)နီးပါးကို ပုဒ်မ (၁၈၈) ဖြင့်လည်းကောင်း၊ ရပ်ကျေးဥပဒေ ပုဒ်မ (၂၇) တို့ဖြင့်လည်းကောင်း အသီးသီး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြတ်မင်း
#PeopleMedia