မြစ်ကြီးနားမြို့၌ မြစ်ရေပြန်လည်ကျဆင်း

PUBLISHED - July 3, 2024
နေပြည်တော်၊ ဇူလိုင် ၃
ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ သည် ဇွန် ၃၀ ရက်နေ့နံနက်ပိုင်းမှစတင်ပြီး မြင့်တက်လာခဲ့ရာ ဇူလိုင် ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ် ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် မြစ်ရေသည် ညအချိန်တိုင်းတာချက်အရ ၁၄၀၆ စင်တီမီတာအထိ အမြင်ဆုံးမြင့်တက်လာခဲ့ကြောင်း သိရသည်။
မြစ်ရေမြင့်တက်ခဲ့သဖြင့် မြို့ပေါ် (၂၈) ရပ်ကွက်တွင် (၁၇) ရပ်ကွက်နှင့် အာလမ်ကျေးရွာတို့တွင် ရေဝင် ရောက်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာ အမြန်ဆုံးကယ်ဆယ်နေရာချထားပေးနိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ လူမှုကူညီရေးအသင်းများက ညအချိန်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေမြင့်တက်မှုဖြစ်စဉ်ကြောင့် ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာ ကျောင်းများတွင် ရေဘေးရှောင်စခန်း (၃၇) ခုထိ ဖွင့်လှစ်ခဲ့ရပြီး အိမ်ထောင်စု စုစုပေါင်း (၂၀၆၄) စုတို့အား ကူညီကယ်ဆယ်ပေးခဲ့ကြကာ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စနစ်တကျ စုဖွဲ့၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ရေမြင့်တက်လာမှုကြောင့် ဝိုင်းမော်မြို့နယ်အတွင်း ဝိုင်းမော်မြို့ပေါ်ရပ်ကွက်များ အပါအဝင် စန်းကား၊ နောင်တာလော၊ မုတ်လွဲ၊ မိုင်းနား၊ မခန္တီး၊ နောင်ချိန်း ကျေးရွာများတွင်လည်း ရေဝင်ရောက်ခဲ့မှုကြောင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်၍ နီးစပ်ရာဘုန်းတော်ကြီး ကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် ရေဘေးရှောင်စခန်းပေါင်း (၁၂) ခုဖွင့်လှစ်၍ ကူညီကယ်ဆယ်ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
#PeopleMedia