• Follow Us on
Latest News

Home မြစ်ကြီးနား၊ လားရှိုး၊ တွံတေး၊ ကျောက်ဖြူနှင့် ပြည်တို့၌ သံဃာတော်များအပါအဝင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မြစ်ကြီးနား၊ လားရှိုး၊ တွံတေး၊ ကျောက်ဖြူနှင့် ပြည်တို့၌ သံဃာတော်များအပါအဝင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာ ယမန်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှ သံဃာတော် ၄၅ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၁၀ ပါးတို့ကိုလည်း ကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊  နယ်မြေခံဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက် နတ်ရေကန်ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၁၀၈ ပါးတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ်၊ တမံကြီး ကျေးရွာရှိ တမံကြီးကျောင်းတိုက်မှ သံဃာတော် ၆ ပါးနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၂၁၂ ဦးတို့ကိုလည်းကောင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန် ကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၃၁၀ ဦးတို့ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ်ကွက်ရှိ သီတဂူဗုဒ္ဓကောလိပ်(ပြည်) ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၆၈ ပါးတို့ကိုလည်းကောင်း သတ်မှတ်နေရာအသီးသီး၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက် ၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၍ ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

 

#PeopleMedia


Share this post