မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် စစ်သွေးကြွ KIA အဖွဲ့မှ ဖမ်းဆီးမှုများလာခြင်းကြောင့် လူလတ်ပိုင်းများကို ကားဆရာများမှ တင်ဆောင်မှုမရှိဟုဆို

PUBLISHED - February 14, 2025
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် စစ်သွေးကြွ KIA အဖွဲ့မှ ဖမ်းဆီးမှုများလာခြင်းကြောင့် လူလတ်ပိုင်းများကို ကားဆရာများမှ တင်ဆောင်မှုမရှိကြောင်း သိရသည်။
ပူတာအိုသွား လမ်းပိုင်းနေရာများတွင် စစ်တပ်ဂိတ်၊ KIA ဂိတ်နှင့် KPF အဖွဲ့ဂိတ်များစွာရှိရာ စစ်တပ်ဂိတ်များတွင် ကုန်ပစ္စည်းများ စစ်ဆေးခြင်းသာ ပြုလုပ်လျှက်ရှိသော်လည်းစစ်သွေးကြွ KIA ဂိတ်နှင့် KPF ဂိတ်များတွင် ကုန်ပစ္စည်းစစ်ဆေးမှုအပြင် ကားထဲပါလာသည့် ခရီးသည်များမှာ လူလတ်ပိုင်းဖြစ်ပါက အကြောင်းပြချက်မရှိ ဖမ်းဆီးမှုများ ရှိနေသည့်အတွက် ကားဆရာများမှလည်း အချိန်ကုန်ခြင်း၊ ခရီးသည်များ ဖမ်းဆီးခံရခဲ့ပါက ပြသနာများ ကြုံတွေ့မှုများလာခြင်းတို့ကြောင့် လူလတ်ပိုင်းများကို ခရီးသည်အဖြစ် တင်ဆောင်သွားလာခြင်း မလုပ်တော့ကြောင်း ကားဆရာတစ်ဦးထံမှ သိရသည်။
“လူငယ်တွေကို ဖမ်းတာကတော့ အရင်ကတည်းက ရှိခဲ့တာဟုတ်ပေမယ့် သွားတိုင်းဖမ်းခံရတာမျိုးတော့မဟုတ်ဘူး။ သူတို့ဂိတ် ထွက်စောင့်တဲ့အချိန် ကြုံတဲ့သူ တွေပဲ ဖမ်းခံရကြတာ။ စစ်တပ်ဂိတ်ကတော့ ဖမ်းတာမရှိဘူး။ စစ်ဆေးတာတွေတော့ တင်းကြပ်တယ်။ အဆင်မပြေရင် ပြန်ခေါက်ခိုင်းတာမျိုး တွေတော့ရှိတယ်။ စစ်သွေးကြွ KIA က ဂိတ်တိုင်းကိုအမြဲထိုင်နေတော့ လူလတ်ပိုင်းတင်တိုင်း အဖမ်းခံရတယ်။ အဲ့လိုဖမ်းခံရရင် KIA အဖွဲ့နဲ့လည်း စကားပြောရတာ မလွယ်ဘူး။ အချိန်ကုန်တာပဲအဖက်တင်တယ်။ ပြီးရင်လည်း ဖမ်းခံရတဲ့ကလေးတွေရဲ့ မိဘတွေနဲ့လည်း ပြသနာ ခဏခဏတက်ရတာများလာတော့ အခုနောက်ပိုင်း လူလတ်ပိုင်းဆို မတင်တော့ဘူး။ သက်ကြီးရွယ်အိုတွေပဲ ခရီးသည်အဖြစ် တင်တယ် ” ဟု ၎င်းမှဆိုသည်။
အဆိုပါ လူငယ်လူလတ်ပိုင်းများကို ခရီးသည်အဖြစ်တင် ဆောင်သွားချိန်တိုင်း ဖမ်းဆီးခံရမှု များလာသည့်အတွက် ကားဆရာများမှလည်း သက်ကြီးရွယ်အိုများနှင့် ကုန်ပစ္စည်းများကိုသာ တင်ဆောင်မှုများပြုလုပ်ကြပြီး၊ ပူတာအိုမြို့နယ်ရှိ လူငယ်ပိုင်းများမှာလည်း ခရီးသည်ကားများဖြင့် သွားလာမှု မရှိကြတော့ကြောင်း သိရသည်။
အလင်း
#PeopleMedia