မြစ်ခြေရဲစခန်းကို စစ်သွေးကြွတွေမှ ဒရုန်းဖြင့် ဗုံးများ နေ့စဉ် လာရောက်ကြဲချနေ၊ လက်ရှိအချိန်ထိ ကြဲချသည့် ဗုံးသီး အရေအတွက် (၂၇၀)ခန့်ရှိပြီဖြစ်
PUBLISHED - September 27, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ မြစ်ခြေရဲစခန်းကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးများ နေ့စဉ် လာရောက်ကြဲချနေကြောင်း သိရသည်။
စက်တင်ဘာလ (၁၁)မှ စတင်ကာ လက်ရှိအချိန်ထိ မြစ်ခြေရဲစခန်းအတွင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးသီးများ နေ့စဉ် ကြဲချနေပြီး တစ်ရက်လျှင် (၁၄)လုံးမှ (၁၇)လုံးထိ ကြဲချနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကြဲချရာတွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် နံနက် (၈)နာရီခန့်မှ စတင်ကာ ညနေ (၆)နာရီ အတွင်း ကြဲချခြင်းဖြစ်ကြောင်းနှင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် စခန်းအနီးရှိ အုတ်တံတိုင်းအနီးတဝိုက်မှ လည်း လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ယင်းသို့ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချနေခြင်းကြောင့် ရဲစခန်းအတွင်းရှိ အဆောက်အအုံများနှင့် ကားများ ပျက်စီးထိခိုက်မှုရှိသော်လည်း လူထိခိုက်မှု မရှိကြောင်း သိရသည်။
မြစ်ခြေ-ပခုက္ကူလမ်းကိုလည်း စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ပိတ်ဆို့ထားခြင်းကြောင့် သွားလာ၍ မရသဖြင့် ရိက္ခာများ ပြတ်တောက်နေသဖြင့် နယ်မြေရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
#PeopleMedia