မြစ်ငယ် PDF အဖွဲ့ဝင် ၄ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
PUBLISHED - July 18, 2023
နေပြည်တော်၊ ဇူလိုင် ၁၈
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် နိုင်ငံ့ဝန်ထမ်းများအား အကြောင်းမဲ့လုပ်ကြံ သတ်ဖြတ်မှုများကို မလိုလားသည့် ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့တိုင်ကြားချက်အရ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းတွင် အမရပူရမြို့နယ်၊ ဝက်ကုန်းတမာတန်းရပ်ကွက်တွင် မြစ်ငယ် PDF အမည်ခံအကြမ်း ဖက် အဖွဲ့ဝင် သီဟဇော်ထွေး(ခ)သီဟအား Sig Sauer ပစ္စတို ၁ လက်၊ ၎င်း ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်သည်။
ဖမ်းဆီးရမိတရားခံ သီဟဇော်ထွေး၏ ထွက်ဆိုချက်အရ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ စွယ်တော်ဘုရားရှေ့တွင် မြစ်ငယ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် အောင်ဘိုဘိုသန်း(ခ) ဘိုသန်းနှင့် လုရီ(ခ)သန့်ဇင်ဦး တို့အားလည်းကောင်း၊ မြစ်ငယ်လမ်းဆုံ၌ မင်းမင်းဟိန်း(ခ)လေဒီအားလည်း ကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော NUG မှ တရားခံပြေး ဇော်ဝေစိုးနှင့် ဝင်းထွန်းတို့၏ စေခိုင်းမှုဖြင့် စဉ့်ကိုင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံ သတ်ဖြတ်မှု ၂ ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှု ၁ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
#PeopleMedia