မြစ်သားမြို့နယ်တွင် ကျောင်းဆရာမတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးကို PDF က ပစ်ခတ်သဖြင့် စိုးရိမ်ရဒဏ်ရာများ ရရှိ
PUBLISHED - June 25, 2024
နေပြည်တော်၊ ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ဒါးရယ်ကောင်းကျေးရွာတွင် ဒါးရယ်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ ညီမဖြစ်သူ ကျောင်းဆရာမတစ်ဦးနှင့် ညီဝမ်းကွဲဖြစ်သူ ရာအိမ်မှူးတစ်ဦးအား PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် စိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒါးရယ်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်း၏ နေအိမ်သို့ PDF အဖွဲ့ဝင် (၃) ဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဦးကျော်ခိုင်ထွန်း၏ ညီမဖြစ်သူ အသက် (၃၃) နှစ်အရွယ်ရှိ ဒေါ်ခိုင်ဇာလင်း၊ မူလတန်းပြ အခြေခံပညာမူလတန်းကျောင်း(ကျွဲဆွဲ)နှင့် ညီဝမ်းကွဲဖြစ်သူ အသက် (၄၀) နှစ်အရွယ်ရှိ ဦးဇော် ဇော်ဝင်းတို့ နှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဒေါ်ခိုင်ဇာလင်းတွင် ယာဘက်နံရိုးကြား ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်နှင့် ဦးဇော်ဇော်ဝင်းတွင် ဝဲဘက်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝဲဘက်တင်ပါး ကျည်ဖောက်ဝင်/စအိုမှ ကျည်ဖောက် ထွက် ဒဏ်ရာ စသည့်စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သဖြင့် မြစ်သားမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးထားကြောင်း သိရသည်။
#PeopleMedia