မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် (၂၀၀) ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ရောက်ခိုလှုံ
PUBLISHED - March 12, 2024
နေပြည်တော်၊ မတ် ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် (၂၀၀)ဦးခန့်သည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်( ရွာတော်ခရိုင်)၊ နတ်ကျောက်ဆရီမြို့နယ်အတွင်းသို့ ဝင်ရောက်ခိုလှုံသွားကြောင်း သိရသည်။
မတ်လ (၁၀)ရက် ညနေ (၄)နာရီခန့်က မောင်တောမြို့နယ် မြောက်ဘက် အောင်သပြေ နယ်ခြားစောင့် တပ် စခန်းရှိ တပ်ဖွဲ့ဝင်များနှင့် AA အဖွဲ့ဝင်များ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ (၁၁)ရက် နံနက် (၉)နာရီခန့်က နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၂၉)ဦးသည် နယ်စပ် Ashartali border မှ လည်းကောင်း၊ ညနေ (၄)နာရီခန့်တွင် နောက်ထပ် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၁၄၈)ဦးသည် နယ်စပ် Jamchari border မှလည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၃၃၀)ဦးခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁၅) ရက်က ပြန်လည်ပို့ဆောင်ပေးခဲ့သည်။
#PeopleMedia