မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပြီး ဘင်္ဂလားဒေ့ရှ်ဘက် ကျည်ကျလာတဲ့အတွက် အရပ်သားနှစ်ဦး သေဆုံး
PUBLISHED - February 6, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆
မြန်မာနိုင်ငံဘက်မှာ မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ AA ရခိုင်သူပုန်အဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကို ကျည်ကျော်ကျလာတဲ့အတွက် အရပ်သား ၂ ဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ က တနင်္လာနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
နယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တနင်္ဂနွေနေ့က လူနာ ၁၇ ဦးကို ကုသပေးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။
“လူနာအားလုံး သေနတ်ဒဏ်ရာရထားတဲ့သူတွေပါ။ နှစ်ဦးက အသက်အန္တရယ်စိုးရိမ်ရပြီး ငါးဦးကတော့ ဒဏ် ရာပြင်းထန်ပါတယ်။” လို့ MSF အဖွဲ့က ပြောပါတယ်။
ဟော့စနီအေရာအမည်ရှိ အသက် ၄၈ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတစ်ဦးနဲ့ အမည်မသိတဲ့ ဘင်္ဂလီ ဒုက္ခသည်တစ်ဦး တနင်္လာနေ့ မွန်းလွဲပိုင်းမှာ သေဆုံးသွားကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူမန် နန်က ပြောပါတယ်။
“အမေတို့ မီးဖိုချောင်ထဲမှာရှိနေတုန်း စိန်ပြောင်းဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။” လို့ အေရာ ရဲ့ ချွေးမဖြစ်သူက ပြောပါတယ်။
“လယ်လုပ်ဖို့အတွက် သူရင်းငှားအဖြစ်ငှားထားတဲ့ ဘင်္ဂလီဒုက္ခသည်တစ်ဦးကို နေ့လယ်စာ ထမင်းကျွေးနေတုန်း စိန်ပြောင်းဗုံးသီးပေါက်ကွဲပြီး ထိမှန်ကုန်တာပါ။” လု့ိ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာတဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တနင်္လာနေ့မှာ တံခါးပိတ်အစည်းအဝေးတစ်ခုကျင်းပဖို့ စီစဉ်ထားပါတယ်။
လူဦးရေ ၁၈ သန်း လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေပြီး လူဦးရေ ၂.၆ သန်း အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရတဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း လုံခြုံရေး ကောင်စီအမြဲတမ်းအဖွဲ့ဝင်သုံးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုတို့ပါဝင်တဲ့ နိုင်ငံ ပေါင်း ၉ နိုင်ငံက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ မဆင်မခြင် ဆက်လက်ပြုလုပ်နေတာအပါအဝင် အရပ်သားတွေကို အကြမ်းဖက် တိုက်ခိုက်နေတာတွေကို နိုင်ငံတွေက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်ဆိုတာကို ကုသသမဂ္ဂဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်က တင်ပြသွားမှာဖြစ်တယ်လု့ိ ဆိုပါတယ်။
နယ်စပ်ဒေသတစ်လျှောက်နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကတော့ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေ တဲ့အတွက် ကြောက်ရွံ့ပြီး ၎င်းတို့ရဲ့ ကလေးတွေကို တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ ဝေးတဲ့ ဆွေမျိုးသားချင်းတွေဆီ ကို ပို့ထားကြပါတယ်။
“ကျွန်တော်တို့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ နေနေရတယ်။ ကျွန်တော်တို့နဲ့ စစ်ဖြစ်နေတာလည်း မဟုတ်ဘူး။ ဒါပေ မဲ့ သူတို့က ကျွန်တော်တို့အိမ်တွေနဲ့ ကျွန်တော်တို့ ပြည်သူတွေကို တိုက်ခိုက်နေကြတယ်။” လို့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကျေးရွာတစ်ရွာဖြစ်တဲ့ တမ်ဘရူဘဇားကျေးရွာက အသက် ၇၅ နှစ်အရွယ် အဗ္ဗဒူရှပ်ကာက ပြောပါ တယ်။
Ref: Two killed in Bangladesh as fighting rages on Myanmar border: police: AFP
#PeopleMedia