မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အားကျော်လွန်၍ အိမ်ရာချေးငွေ(HousingLoan) ထုတ်ချေးထား သည့် ပုဂ္ဂလိကဘဏ် ၇ ခုအား အရေးယူဆောင်ရွက်
PUBLISHED - July 2, 2024
နေပြည်တော်၊ ဇူလိုင် ၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေ (HousingLoan) ထုတ်ချေး ထားသည့် ပုဂ္ဂလိကဘဏ် ၇ ခုအား အရေးယူဆောင်ရွက်လိုက်ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် ပြည်တွင်းစီးပွားရေးတည်ငြိမ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပုဂ္ဂလိကဘဏ်များ၏ ချေးငွေဝန်ဆောင်မှုပုံစံ အသစ်ပေးရန်နှင့် ပြည်သူများအတွက် အိမ်ရာပိုင်ဆိုင်မှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ချေးငွေသက်တမ်း(၃)နှစ်ထက်ပိုသော အိမ်ရာချေးငွေများထုတ်ချေးခြင်းကို စုစုပေါင်းဘဏ်ချေးငွေအပေါ် မူတည်၍ ထုတ်ချေးခွင့်ပြုလျက်ရှိကြောင်း သိရသည်။
သို့ရာတွင် အချို့သောပုဂ္ဂလိကဘဏ်များအနေဖြင့် ၎င်းတို့အကျိုးအမြတ်ပိုမိုရရှိစေရေးအတွက် ဗဟိုဘဏ်၏ ညွှန်ကြားချက်အား ကျော်လွန်ဖောက်ဖျက်ကာ အိမ်ရာချေးငွေများအား များပြားစွာထုတ်ချေးလျက်ရှိကြောင်း သိရှိရသဖြင့် ပုဂ္ဂလိကဘဏ်များအား လိုအပ်သောစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ်ချက်အား ကျော်လွန်၍ အိမ်ရာချေးငွေထုတ်ချေးထားသည့် ပုဂ္ဂလိက ဘဏ် ၇ ခုမှာ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်နှင့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးဘဏ်တို့ဖြစ်သည်။
အဆိုပါဘဏ်များမှ ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန် ထားသော အိမ်ရာချေးငွေနှင့်ပတ်သက်သည့် သတ်မှတ်ချက်အတိုင်း သတ်မှတ်ထားသောကာလအတွင်း ပြန်လည်ရောက်ရှိစေရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်အား ကျော်လွန်ဖောက်ဖျက်ဆောင်ရွက်ခဲ့သည့် ပုဂ္ဂလိကဘဏ် ၇ ခုမှ တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတ်မှတ်ချက်အား ကျော်လွန်ထုတ်ချေးထားသည့် ချေးငွေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ဥပဒေနှင့်အညီ ထိရောက်သော ဒဏ်ကြေးပေးဆောင် စေမည်ဖြစ်ပြီး၊ ပုဂ္ဂလိကဘဏ်များအား စစ်ဆေးကြီးကြပ်ကွပ်ကဲရန်အားနည်းခဲ့သည့် မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ တာဝန်ရှိသူများအားလည်း စိစစ်ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia