မြန်မာနိုင်ငံတွင်ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တရုတ် နိုင်ငံအနေဖြင့် ဆက်လက်ပြီးကူညီဆောင်ရွက်ပေးရန် နစကဥက္ကဋ္ဌပြောကြား
PUBLISHED - February 19, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တရုတ် နိုင်ငံနှင့် တရုတ်လူမျိုးများအနေဖြင့် ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးရန် ပန်ကြားလိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
(၂၀၂၄) ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုး သားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရှေးအစဉ်အဆက် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အမြော်အမြင် ကြီးစွာ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ မိမိတို့နှစ် နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အပြန်အလှန်နားလည်မှုများနှင့် နေထိုင်ခဲ့ကြသဖြင့် ရံဖန်ရံခါ တွေ့ကြုံရသည့်ပဋိ ပက္ခအချို့ကို နှစ်နိုင်ငံအစိုးရနှင့် ပြည်သူတို့ ငြိမ်းချမ်းစွာအဖြေရှာပြီးခိုင်မာသည့်ဆက်ဆံရေးကို ထိန်းသိမ်း တည်ဆောက်နိုင်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီး ချင်းကောင်းဟူသည့်ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သည့်နိုင်ငံဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးရာကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန် သည့် လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်းဆွေမွန်ပီသမှုအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ် ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ Online လောင်းကစားမှုများနှင့် Online လိမ်လည်မှုများကို နှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ ထို့အပြင် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို အေး အတူပူအမျှ အသိုက်အဝန်းတစ်ခု အဖြစ် အတူယှဉ်တွဲနေထိုင်လျက်ရှိသောကြောင့် မိမိတို့မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ် လူမျိုးများအနေဖြင့် ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးရန် ပန်ကြားလိုကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia