မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါ အတည်ပြုလူနာမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
PUBLISHED - August 20, 2024
နေပြည်တော်၊ သြဂုတ် ၂၀
မြန်မာနိုင်ငံတွင် ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ (၂၀၂၂) ခုနှစ်မှ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ (၁၂၉) ခုအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာတွင် Mpox (မျောက်ကျောက်) ရောဂါ အတည်ပြုလူနာ မရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၂၄ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ် (Clade Ib) လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာ ကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး အတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့် ရှုမှုအား နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာပေးခြင်းတို့အား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Mpox (မျောက်ကျောက်) ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ဖြင့် ကူးစက်ခြင်းများအားဖြင့် အဓိက ကူးစက်နိုင်ကြောင်း၊ Mpox (မျောက်ကျောက်) ရောဂါ သံသယလက္ခဏာခံစားနေရသူနှင့် အနီးကပ်ထိ တွေ့မှုကို ရှောင်ကြဉ်ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်း (mask) ကို တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့် ရေ (သို့မဟုတ်) ရေမလိုလက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျ ဆေးကြောခြင်း၊ သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုယ်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြည်သူလူထုအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်းအစရှိသော လက္ခဏာများရှိခြင်း၊ ဖျားခြင်းနှင့် အနီစက်/ အရည်ကြည် ဖုထွက်ခြင်း ရောဂါလက္ခဏာ ခံစားနေရသူများ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ ဒေသများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ) နှင့် ထိတွေ့မိခြင်းရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူကြပါရန် ကျန်းမာရေးဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ထားသည်။
#PeopleMedia