မြန်မာနိုင်ငံပြန်လည်ရင်ကြားစေ့ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုဖော်ဆောင်ရန်အတွက် အပြုသဘော ဆောင်သည့် အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဝမ်ရိပြောကြား
PUBLISHED - August 21, 2024
နေပြည်တော်၊ သြဂုတ် ၂၁
မြန်မာနိုင်ငံ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးနှင့် ရေရှည် ခိုင်မာစွာ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ် Julie Bishop နှင့် ဩဂုတ် ၂၀ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Xinhuaသတင်းဌာနတွင် ဖော်ပြထားသည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက မြန်မာ့အရေးတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်မှု၊ နိုင်ငံတစ်သားတည်းဖြစ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို အခိုင်အမာ လေးစားသလို ပြည်တွင်းရေးဝင်ရောက် မစွက်ဖက်ရေး၊ မြန်မာနိုင်ငံသားများ၏ပိုင်ဆိုင်မှုကို မြန်မာနိုင်ငံသားများဦးဆောင်ရေး ဟူသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အခိုင်အမာလက်ကိုင်ထားပြီး အာဆီယံ၏အခန်းကဏ္ဍကို အဓိကလမ်းကြောင်းအဖြစ် ထောက်ခံကြောင်း ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာ အထူးကိုယ်စားလှယ်သည် တစ်မူထူးခြားသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆွေတော် တာဝန်များကို ထမ်းဆောင်ရာတွင် အားပေးထောက်ခံပြီး ကူညီပံ့ပိုးသွားမည် ဖြစ်ရာ မြန်မာနိုင်ငံ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ရေးနှင့် ရေရှည် ခိုင်မာစွာ တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။
Julie Bishop က မြန်မာ့အရေး သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် သဘောတူညီချက်များရရှိအောင် တရုတ်နိုင်ငံနှင့်တကွ အာဆီယံနှင့်အတူ နီးကပ်သည့် ဆွေးနွေးညှိနှိုင်းမှု၊ အားဖြည့်ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
Photo – Xinhua
#PeopleMedia