မြန်မာနိုင်ငံရှိ ကလေးငယ် ၅ သန်းနီးပါးသည် ပညာသင်ကြားခွင့်များဆုံးရှုံးနေကြောင်း UNICEF Myanmar ထုတ်ပြန်

PUBLISHED - February 10, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
ပဋိပက္ခများ၊ မလုံခြုံမှုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ၊ အရေးပေါ်ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် ၅ သန်းနီးပါးသည် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေရကြောင်း UNICEF Myanmar မှ သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံလူဦးရေ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းခန့်ဖြစ်သည့် ၁၉.၉ သန်းသော ပြည်သူများမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလွန်အမင်းလိုအပ်လျက်ရှိကြောင်း၊ ၎င်းတွင် ကလေးငယ် ၆.၄ သန်း ပါဝင်ပြီး၊ ပဋိပက္ခများ၊ မလုံခြုံမှုများ၊ နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများ၊ အရေးပေါ်ဝန်ဆောင်မှုများ ပြတ်တောက်ခြင်းများကြောင့် မြန်မာနိုင်ငံရှိ ကလေးငယ် ၅ သန်းနီးပါးသည် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေရကြရကြောင်း ထုတ်ပြန်ထားသည်။
သင်ယူမှုအခွင့်အလမ်းများ လျော့နည်းလာခြင်းအပြင် ကလေးများသည် အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ အသက်မပြည့်မီ/အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရခြင်း၊ ကလေးလုပ်သားအဖြစ် အသုံးပြုခံရခြင်းနှင့် ရင်ဆိုင်နေရကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဤသို့ဆက်လက်ဖြစ်ပွားနေပါက မျိုးဆက်တစ်ခုလုံးသည် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဆုံးရှုံးသည့် အန္တရာယ်ရှိနေကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ ကလေးငယ် ၁ သန်းကျော်သည် ရောဂါများမှ ကာကွယ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးနိုင်ခြင်းမရှိဘဲ ကမ္ဘာပေါ်တွင် ကာကွယ်ဆေးလုံးဝမရရှိသေးသော ကလေးများ အများဆုံးရှိသည့်နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေကြောင်း၊ ပဋိပက္ခများ၊ ကိုဗစ်-၁၉ နှင့် ကျန်းမာရေးဝန်ထမ်းများ အစုလိုက်နှုတ်ထွက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်မှာ ပြိုလဲလုနီးပါးဖြစ်နေပြီး ကလေးငယ်များ အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသများရှိ ကလေးငယ်များမှာ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနိုင်ခြင်း မရှိသောကြောင့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း UNICEF Myanmarမှ ထုတ်ပြန်သည်။
မြန်မာနိုင်ငံသည် မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေသည့်နှစ်တွင် ကလေးများနှင့် အရပ်သားပြည်သူများအတွက် စိုးရိမ်ဖွယ်အခြေအနေသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း၊ အန္တရာယ်များကို ပိုမိုခံစားရနိုင်သူများထံ အသက်ကယ် လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိစေရန် လုံလောက်သော ရန်ပုံငွေများ အခက်အခဲမရှိ၊ အချိန်မီ ထောက်ပံ့နိုင်ရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် ဒေသတွင်းနှင့် ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် လက်ရှိအခြေအနေမှ ထွက်ပေါက်ရှာနိုင်ရန် မြန်မာနိုင်ငံအား ကူညီရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။
#PeopleMedia