• Follow Us on
Latest News

Home မြန်မာနိုင်ငံသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့်နိုင်ငံများ စာရင်းတွင်ပါဝင်နေကြောင်း နစကဥက္ကဋ္ဌပြောကြား

မြန်မာနိုင်ငံသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များကြောင့် ထိခိုက်နိုင်ခြေမြင့်မားသည့်နိုင်ငံများ စာရင်းတွင်ပါဝင်နေကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇွန် ၅

 

မြန်မာနိုင်ငံသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကြောင့် ထိခိုက် နိုင်ခြေ မြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ပရိဝုဏ်အတွင်း၌ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ်၊ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ အစီရင် ခံစာအရ ကမ္ဘာ့သစ်တောဖုံးလွှမ်းမှုသည် ကမ္ဘာ့မြေမျက်နှာပြင်၏ သုံးပုံတစ်ပုံဖြစ်သည့် ဧက ၁၀ ဒသမ ၀၃ ဘီလီယံ နီးပါးရှိကြောင်း၊ သို့သော် ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၉ ဒသမ၂၇ သန်း၊ ၂၀၀၀ မှ ၂၀၁၀ ပြည့်နှစ် အတွင်း တစ်နှစ်လျှင်   ဧက ၁၂ ဒသမ ၈၅ သန်းနှင့် ၂၀၁၀ မှ ၂၀၂၀ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် ဧက ၁၁ ဒသမ ၆၁ သန်း လျော့နည်း ကျဆင်းသွားသည်ကို လေ့လာသိရှိရ ကြောင်း၊ အာဆီယံဒေသ၏ သစ်တောဖုံးလွှမ်းမှု ပမာဏအနေဖြင့် ဧက ၅၂၈ ဒသမ ၇၉ သန်းကျော်ရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း စုစု ပေါင်း သစ်တောများ၏ ခြောက်ပုံတစ်ပုံခန့် ဧက ၉၂ ဒသမ ၉၁ သန်း ပြုန်းတီး လျော့နည်းခဲ့သည်ကို လေ့လာသိရှိရကြောင်း ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း၌ မြန်မာနိုင်ငံသည် သစ်တော ဧရိယာ ဒုတိယ အများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂစားရေရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ သစ်တောပြုန်းတီးမှုနှုန်းအနေဖြင့်ကြည့်ပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်းပြုန်းတီးခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ် မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် ၀ ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ကို တွေ့ရသည့်အတွက် သစ်တောပြုန်းတီးမှုကို လျော့နည်းအောင် ထိန်းသိမ်းနိုင်ခဲ့ခြင်းကို တွေ့ရှိရကြောင်း ပြောသည်။

 

ယခုအခါ ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိရာတွင် ပဏာမလေ့လာ ဆန်းစစ်မှုများ အရ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်သည့် ဒီရေတောဧရိယာသည် ၂၀၂၀ ပြည့်နှစ်မှာ ဧက ၁ ဒသမ ၀၇ သန်း၊  နိုင်ငံဧရိယာ၏ ၀ ဒသမ ၆၄ ရာခိုင်နှုန်းရှိခဲ့ ပြီး ယခုအခါတွင် ဧက ၁ ဒသမ ၁၃ သန်း နိုင်ငံဧရိယာ၏ ၀ ဒသမ ၆၇ ရာခိုင်နှုန်းထိ တိုးတက်လာသည်ကို အားတက်ဖွယ် တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းနှင့် မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့် ရှောက်နိုင်ခြင်း၏ အကျိုးရလဒ်များပင် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များ ကြောင့် ထိခိုက်နိုင်ခြေ မြင့်မားသည့် နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း၊ ၂၀၂၄ ခုနှစ် နွေရာသီတွင် အယ်နီညိုဖြစ်စဉ်ကြုံတွေ့ရပြီး အကျိုးဆက်အနေဖြင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်း၊ နေ့အပူချိန်မြင့် မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ် ပေါ်နိုင်သည်ဟုသိရကြောင်း၊ ယခု ၂၀၂၄ ဧပြီ လအတွင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များ မြင့်မားခဲ့ကြောင်း၊ ထို့ကြောင့်လည်း အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ အတွက် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနတို့က ယခုနှစ်မိုးရာသီတွင် တစ်ရွာ ၂ ဧက စိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်းနှင့် ကျေးရွာထင်း စိုက်ခင်း စုစုပေါင်း ၃၅၅၁ ဒသမ ၂၀ ဧက၊ ပျိုးပင်ပေါင်း နှစ်သန်းကျော် (၂၀၉၂၈၄၇) ပင်ကို ကျေးရွာပေါင်း ၈၀၉ ရွာတွင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post