မြန်မာနိုင်ငံသည် ပထဝီအနေအထားအရလည်း အချက်အချာကျသည့်နေရာတွင်တည်ရှိနေခြင်းကြောင့် မိမိတို့၏ ရေပြင်၊ ဝေဟင်ပိုင်နက်များကိုပိုင်နိုင်စွာစိုးမိုးထားနိုင်ရန်လိုအပ်ကြောင်း တပ်ချုပ်ပြောကြား

PUBLISHED - May 23, 2024
နေပြည်တော်၊ မေ ၂၃
မိမိတို့မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားသည့် ပင်လယ်ပြင်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသကဲ့ သို့ ပထဝီအနေအထားအရလည်း အချက်အချာကျသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို့၏ရေပြင်၊ ဝေဟင်ပိုင်နက်များကို ပိုင်နိုင်စွာစိုးမိုးထားနိုင်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မေလ ၂၁ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ် သည့် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်းနှင့် အခြေခံနှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်း မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံတွင် ရှေးယခင်ကတည်းက ရေကြောင်း၊ လေကြောင်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အစဉ်အလာများရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်မှစတင်ပြီး ရေကြောင်း၊ လေကြောင်းလူငယ်သင်တန်းများကို အခြေခံနှင့်တန်းမြင့်ဟူ၍ ခွဲခြားသတ်မှတ်ကာ ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များကို အသိပညာများဖွံ့ဖြိုး တိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါ သည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် နိုင်ငံတစ်ဝန်းတွင်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေရခြင်းဖြစ်ကြောင်း ပြောသည်။
မိမိတို့မြန်မာနိုင်ငံသည် မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားသည့် ပင်လယ်ပြင်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသကဲ့ သို့ ပထဝီအနေအထားအရလည်း အချက်အချာကျသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် မိမိတို့၏ရေပြင်၊ ဝေဟင်ပိုင်နက်များကို ပိုင်နိုင်စွာစိုးမိုးထားနိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာ ကာကွယ်ရေး စွမ်းအား အပြည့်အဝရရှိခြင်းနှင့်အတူ တိုင်းပြည်၏အချုပ်အခြာအာဏာကိုလည်း ကာကွယ်နိုင်မည် ဖြစ် ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပညာရေးကဏ္ဍ မြှင့်တင်ခြင်း လုပ်ငန်းများကို အလေးထားဆောင်ရွက်နေသည့်အပြင် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများ ကိုလည်း အနာဂတ်နိုင်ငံတော်အရေး မျှော်မှန်းပြီး ပြည်ပနိုင်ငံများမှာ ပညာတော်သင်များအဖြစ် စေလွှတ်လျက် ရှိကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင် ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ဟူသည့် အချက်ကို လူမှုရေးဦးတည်ချက်၌ ချမှတ်ထားပြီး လူငယ်များ၏ပညာရေး၊ လူမှုရေး၊ အမျိုးသားရေး၊ စာရိတ္တ မဏ္ဍိုင်မြင့်မားရေးလုပ်ငန်းများကို မိမိတို့နိုင်ငံတော် တာဝန်ယူထားချိန်မှစပြီး အလေးထားဆောင်ရွက်ပေးနေ သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း ပြောသည်။
နွေရာသီအားလပ်ရက်များကို အကျိုးမဲ့မဖြစ်စေဘဲ ယခုကဲ့သို့သင်တန်းတက် ရောက်ခဲ့ခြင်းကြောင့်ရရှိသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း ခင်မင်ရင်းနှီးမှုများကို ဆက်လက်ထိန်းသိမ်းပြီး ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူသွားကြရန်၊ မှန်ကန်သည့်အသိအမြင်များရရှိရန် စာကောင်းပေမွန်များကိုဖတ်ရှုပြီး မိဘ ဆရာသမားများ၏ ပြောဆိုဆုံးမမှုများအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ မိမိတို့နေထိုင်ရာ နိုင်ငံတော်အပေါ် တွင် သစ္စာစောင့်သိပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့် နောင်တစ်ချိန်တွင် တိုင်းပြည်ကအားကိုး အားထားပြုရမည့် သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြပါဟု တိုက်တွန်းမှာကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သည်။
#PeopleMedia