မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ထိုင်းနိုင်ငံ စတင်ပေးပို့
PUBLISHED - March 25, 2024
နိုင်ငံတကာ၊ မတ် ၂၅
တပ်မတော်က အာဏာသိမ်းပြီးနောက် မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံကို တနင်္လာနေ့ (မတ်လ ၂၅ ရက် နေ့) ကစပြီး ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ စတင်ပေးပို့နေပြီဖြစ်ပါတယ်။
လူဦးရေ ၂၀၀၀၀ အတွက် ဆန်၊ ရိက္ခာခြောက်နဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေပါဝင်တဲ့ ကယ်ဆယ်ရေးပစ္စည်း အိတ်ပေါင်း ၄၀၀၀ ပါဝင်တဲ့ ပထမအသုတ်ကို ယာဉ်တန်းနဲ့သယ်ဆောင်လာပြီး ထိုင်းကြက်ခြေနီအဖွဲ့က မဲ ဆောက်-မြဝတီနယ်စပ်မှာရှိတဲ့ မြန်မာ ကြက်ခြေနီအဖွဲ့ထံကို လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ/ တခြားတော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ အရှိန်မြင့်တက်နေစဉ်အတွင်း အခုစီမံချက်ဟာ အာဆီယံအဖွဲ့ရဲ့ ထောက်ခံမှုနဲ့ လူသားချင်းစာနာမှု လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်အောင် ထိုင်းနိုင်ငံက ကြိုးပမ်းခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ် ရပ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် လူဦးရေ ၂.၆ သန်းထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး လူဦး ရေ ၁၈ သန်းဟာ အကူအညီတွေလိုအပ်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလက မြန်မာ နစက အစိုးရကိုယ်တိုင်သဘောတူညီထားတဲ့ အာဆီယံအဖွဲ့ရဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကိုလည်း အခုထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။
လူသားချင်းစာနာမှုလမ်းကြောင်း ဖွင့်လှစ်ပေးဖို့၊ တိုက်ခိုက်မှုတွေ ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ပါဝင်တဲ့ အဲဒီ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာ နစက ခေါင်းဆောင်တွေက အခုထိ ငြင်းဆန်နေဆဲဖြစ် တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်မြောက်လာအောင် ဆောင်ရွက်ရာမှာ ထိုင်းနိုင်ငံက အဓိကအခန်းကဏ္ဍက ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
Ref: Thailand begins humanitarian aid deliveries to Myanmar
#PeopleMedia