မြန်မာနိုင်ငံအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် အာဆီယံမှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကို နစက ဥက္ကဋ္ဌနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံဆွေးနွေး
PUBLISHED - May 16, 2024
နေပြည်တော်၊ မေ ၁၆
မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အတွက် အာဆီယံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Alounkeo KITTIKHOUN ၊အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မေလ ၁၅ ရက် နံနက် (၁၀)နာရီခွဲက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန် ဆောင် ဧည့်ခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံ အတွင်းရေးမှူးချုပ် Dr. KAO KIM HOURN ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ လက်ခံတွေ့ဆုံ ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထား သည်။
ယင်းအပြင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအနေမှန်များ ကိုသိရှိအောင်ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ၊ အာဆီယံ နှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက် သင့်သည့် အချက်များ ဆွေးနွေးရန်တို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းနောက်တွင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှု အခြေအနေများ၊ အာဆီယံ အနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိမှုနှင့် အကူအညီ လိုအပ်လျက်ရှိသည့် ပြည်သူများ လက်ဝယ်ရောက်ရှိရေး အကောင်းဆုံး ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
#PeopleMedia