မြန်မာနိုင်ငံ၏အခြေအနေအရှိန်လျော့ပြန်လည်တည်ငြိမ်လာရေးကို ကူညီဆောင်ရွက်ပေးရန်မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြောကြား
PUBLISHED - August 17, 2024
နေပြည်တော်၊ သြဂုတ် ၁၇
မြန်မာနိုင်ငံ၏ အခြေအနေအရှိန်လျော့ ပြန်လည်တည်ငြိမ်လာရေးကို ကူညီဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi၊ က ပြောသည်။
တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ လေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဩဂုတ်လ ၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကျင်းပခဲ့ရာ တရုတ် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Saleumxay Kommasith ၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Ms. Eksiri Pintaruchi တို့တက်ရောက်ခဲ့သည်။
Mr. Wang Yi က မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းထက်ပိုလိုလား သောသူ မရှိပါကြောင်း၊ မိမိတို့သည် စိတ်ရင်းအမှန်စေတနာဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအရှိန်လျော့ ပြန်လည်တည်ငြိမ်လာရေးကို ကူညီဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအခြေအနေ သည် စိတ်ပူပန်ရစေကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရသော စည်းသုံးခုကို ခိုင်မာစွာထိန်း သိမ်းထားရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍ မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ပင်ဖြစ်ကြောင်း ပြောသည်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း၊ မိမိတို့သည် ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ခြင်း အခြေခံမူကို အမြဲတစေ လက်ကိုင်ထားပြီး မြန်မာနိုင်ငံက အချုပ်အခြာအာဏာနှင့် နိုင်ငံတစ်သားတည်းဖြစ်မှုအား ကာကွယ်ထိန်းသိမ်း ရေးကို ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံက တွေ့ဆုံဆွေးနွေးမှုဖြင့် ပြည်တွင်းပြန်လည်သင့်မြတ်မှု ဖော်ဆောင်ရန် ထောက်ခံအားပေးကြောင်း၊ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်မှု လမ်းကြောင်းရှာဖွေတွေ့ရှိမှုကိုအားပေးကြောင်း Mr. Wang Yi က ပြောသည်။
ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံသည် ငြိမ်းချမ်းမှု၊ တစ်သားတည်းဖြစ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် တွေ့မြင်လိုကြောင်း၊ မြန်မာနိုင်ငံက မိမိနည်းလမ်းဖြင့် ပြည်တွင်းရေးပြဿနာအား ဖြေရှင်းမှုကိုလေးစား ကြောင်း၊ မြန်မာပြည်သူများကဦးဆောင်၍ မြန်မာပြည်သူများကပိုင်ဆိုင်မှုကို လိုက်နာကြောင်း၊ ဘက်အသီး သီးနှင့် ချိတ်ဆက်မှုကို ထိန်းသိမ်းကာ မြန်မာနိုင်ငံကို အတတ်နိုင်ဆုံးကူညီပေး၍ အာဆီယံလုပ်ငန်းစဉ်နှင့်အတူ အပြန်အလှန်ဖြည့်စွက်မှုဖြစ်လာပြီး ကောင်းမွန်စွာဖြေရှင်းသည့်နည်းလမ်းကို ရှာဖွေတွေ့ရှိရန် ကြိုးပမ်းသွား လိုသည့် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
#PeopleMedia