မြန်မာနိုင်ငံ၏ စတုတ္ထမြောက် DTH ရုပ်သံလိုင်း MYANSAT ထုတ်လွှင့်မှု စတင်ဖွင့်လှစ်

PUBLISHED - January 16, 2025
နေပြည်တော် ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် DTH ရုပ်သံလိုင်းအသစ်ဖြစ်သည့် MYANSAT DTH ရုပ်သံလိုင်းထုတ်လွှင့်မှု စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ကျင်းပခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ သိရှိ၊ ခံစားပိုင်ခွင့်ဖြစ်သည့် သတင်းအချက်အလက်၊ အသိပညာဗဟုသုတနှင့် ဖျော်ဖြေရေးဆိုင်ရာများကို ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံပိုင်မီဒီယာများ အပြင် ပုဂ္ဂလိကမီဒီယာများအပါအဝင် မီဒီယာကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယနေ့တွင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် DTH စနစ်ဖြင့် ရုပ်သံထုတ်လွှင့်မည့် MYANSAT DTH ကို စတင်ဖွင့်လှစ်ပေးမည်ဖြစ်ရာ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ရုပ်သံလိုင်းများစွာကို စိတ်ကြိုက် ရွေးချယ်ပြီး ကြည့်ရှုနားဆင်ခွင့်များ ပိုမိုတိုးမြှင့်ရရှိကြမည်ဖြစ်ကြောင်း ပြောသည်။
နိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများအတွက် သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတများအပြင် ဖျော်ဖြေ ရေးကဏ္ဍစုံလင်စွာဖြင့် ဝန်ဆောင်မှုပေးမည့်၊ ပြည်သူများပျော်ရွှင်ချမ်းမြေ့ပြီး စိတ်ခွန်အားသစ်များပေးစွမ်းနိုင် မည့်၊ ဆန်းသစ်သည့်နိုင်ငံတကာနည်းပညာများနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝတို့ဆုံမှတ်နေရာတစ်ခုဖြစ်သော ပေါင်းကူးတံတားပုံစံဖြင့် ဝန်ဆောင်မှုပေးမည့် MYANSAT DTH ရုပ်သံလိုင်းအသစ်ဖွင့်လှစ်နိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုအားပေးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။
အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဇနီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အနုပညာရှင်များတက်ရောက်ကြသည်။
#PeopleMedia