• Follow Us on
Latest News

Home မြန်မာနိုင်ငံ ရေဘေးဒဏ်သင့်ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် AHA Centre တို့မှ ပေးပို့သည့် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ ရောက်ရှိ

မြန်မာနိုင်ငံ ရေဘေးဒဏ်သင့်ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် AHA Centre တို့မှ ပေးပို့သည့် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ ရောက်ရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

ရေဘေးဒဏ်ခံစားရသည့်ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရမှပေးပို့သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများသည် ယမန်နေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အိန္ဒိယလေတပ်သယ်ယူပို့ဆောင်ရေးလေယာဉ် IL-76 ဖြင့်ပေးပို့လာသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများတွင် ခြင်ထောင်အလုံး (၁,၀၀၀)၊ အသင့်စား အစားအစာထုပ် (MRE)  အထုပ် (၃,၀၀၀)၊  မီးဖိုချောင်သုံးပစ္စည်းအစုံ (၅၀၀)၊ ဆိုလာမီးအိမ် (၁,၀၀၀)ခန့်၊  မီးစက် (၂)လုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းများ (Hygiene Kits) အစုံ (၄,၀၀၀)၊ ယာယီတဲ(၁၅)လုံး၊ ရေသန့်စင်ရေးဆိုင်ရာပစ္စည်းများဖြစ်သည့် ကလိုရင်းဆေးပြား၊ ပိုးသတ်ဆေး၊ Bleaching powder နှင့် ဆေးဝါးပစ္စည်းများ စုစုပေါင်းပစ္စည်းတန်ချိန် (၃၀) ကျော်ပါရှိကြောင်း သိရသည်။

 

အလားတူ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ တာပေါ်လင်နှင့် ယာယီတဲများ သယ်ဆောင် လာသော အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ မည်ဖြစ်သည်။

 

ထို့ပြင် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃၃၇,၁၄၈.၉၅ ခန့်မှန်းတန်ဖိုးရှိ မိသားစုသုံးပစ္စည်း၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ မိသားစုသုံး မိုးကာတဲများ၊ တာပေါ်လင်၊ Shelter Repair Kit၊ ရေသန့်စက်များနှင့် အခြား အရေး ပေါ်သုံးပစ္စည်းများပါဝင်သော စုစုပေါင်းအလေးချိန် ၅၉,၃၆၀ ကီလိုဂရမ်ရှိ ပစ္စည်းများကို မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)တို့ဖြင့် သယ်ဆောင်လျက်ရှိရာ ယမန်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့  ဆိုက်ရောက်ခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ရောက်ရှိလာသော ကယ်ဆယ်ရေးပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ အမြန်ဆုံး ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post