မြန်မာရေကြောင်းရဲတပ်ဖွဲ့သို့ တရုတ်နိုင်ငံမှ ကင်းလှည့်ရေယာဉ် ၆ စီး လွှဲပြောင်းပေးအပ်

PUBLISHED - June 12, 2024
နေပြည်တော်၊ ဇွန် ၁၂
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကူအညီ ပေးအပ်သည့် ကင်းလှည့်ရေယာဉ် ၆ စီး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက် တွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး (ဝါးတန်း) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai တို့ ဦးဆောင်၍ အခမ်းအနားတက်ရောက်လာ ကြသူများသည် လမ်းမတော်မြို့နယ်၊ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားရှိသော ကင်းလှည့် ရေယာဉ်နှစ်စီးပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရေယာဉ်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က ကျေးဇူးတင်စကားပြောကြား၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai က အမှာစကားပြောကြားပါသည်။ ယင်းနောက် လွှဲပြောင်း/ လက်ခံခြင်းစာလွှာများကို လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြသည်။
တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်းဆက်ဆံရေးတို့အပေါ် အခြေပြု၍ လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ အားကောင်း စေရေးအတွက်လည်းကောင်း ၂၈ မီတာ ကင်းလှည့်ရေယာဉ် ၂ စီးနှင့် ၄၈ မီတာ ကင်းလှည့်ရေယာဉ် ၄ စီး တို့ကို အကူအညီပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia