မြန်မာလူမျိုးတွေ အများအပြားဝင်ရောက်လာတဲ့အတွက် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ တိုးမြင့်လာမှာ အိန္ဒိယ အစိုးရ စိုးရိမ်နေ
PUBLISHED - March 4, 2024
နိုင်ငံတကာ၊ မတ် ၄
မြန်မာနိုင်ငံက ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေနဲ့ မြင့်တက်လာတဲ့အကြမ်းဖက်မှု တွေကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေဘက်ကို လူဦးရေအများအပြား ဝင်ရောက်လာတဲ့အတွက် မြန်မာ့အရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း အိန္ဒိယအစိုးရက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံထဲက လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ လူကုန်ကူးမှုတို့လို နယ်စပ်ဖြတ်ကျော်မှုခင်းတွေကိုလည်း တိုးမြှင့်လာစေတဲ့ တိုက်ရိုက်ရိုက်ခတ်မှုတွေလည်း ရှိလာတယ်လို့ ဆိုပါ တယ်။
အိန္ဒိယအစိုးရအနေနဲ့ အဲဒီအခြေအနေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်အောင် ကြိုးစားဆောင်ရွက်နေ ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အိန္ဒိယအစိုးရက ထုတ်ပြန်ကြေညာချက်ကို ဖတ်ပြခဲ့ပါတယ်။
“အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးထိန်းသိမ်းဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအ တွက် အမြဲတမ်း ထိပ်တန်းဦးစားပေးတစ်ရပ်အဖြစ် သဘောထားဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတွင်း အဖွဲ့အားလုံး က အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဆောင်ရွက်ဖို့နဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေကတစ်ဆင့် အကျပ်အတည်းတွေကိုဖြေ ရှင်းဖို့ ကျွန်တော်တို့ ထပ်လောင်း ပြောဆိုပါတယ်။” လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးကို အိန္ဒိယနိုင်ငံက ခိုင်မာစွာထောက် ခံရပ်တည်မြဲဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မြန်မာနိုင်ငံကိုယ်တိုင်ဦးဆောင်ပြီး မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ရရှိဖို့ လိုအပ်ကြောင်းလည်း ကျွန်တော်တို့ ထပ်လောင်း ပြောကြားလိုပါတယ်။” လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီလုပ်ငန်းစဉ်တွေ၊ လူထုအခြေပြုစီမံချက်တွေ၊ စွမ်းရည်မြှင့် တင်ရေးအစီအစဉ်တွေ မြှင့်တင်ဆောင်ရွက်ဖို့ ကတိပြုရင်း မြန်မာလူထုအတွက်ထောက်ပံ့ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိဖို့အတွက် လက်တွေ့ကျပြီး အပြုသဘောဆောင်တဲ့နည်းလမ်းတွေနဲ့ အတူပူးပေါင်း ဆောင်ရွက်ဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို အိန္ဒိယနိုင်ငံက တောင်းဆိုလိုက်ပါတယ်။
Ref: Myanmar influx has spurred crime in northeast, India tells UNHRC: The Times of India
#PeopleMedia