မြန်မာ-ရုရှားတပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်
PUBLISHED - March 29, 2024
နေပြည်တော်၊ မတ် ၂၉
မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးပိုမိုအားကောင်း စေရန်အပါအဝင် စစ်ဘက်နှင့် စစ်ဘက်နည်းပညာပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကြိုးပမ်းမှုများအတွက် တပ်မတော်နှစ်ရပ်အကြား ဆုတံဆိပ်များ အပြန်အလှန်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့တွင် နေပြည် တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Colonel General Alexander Vasilievich Fomin၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးကောင်စီဥက္ကဋ္ဌ Mr. Pavel GUSEV၊ စစ်သံမှူး Colonel KURCHENKO Sergei Semyo novich နှင့် ရုရှားတပ်မတော်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီက မတ် ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ၊ အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၄ ဖြင့် ခေတ်မီတပ်မတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှပုဂ္ဂိုလ်များအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များပေးအပ်သည့်အမိန့်ကို ဖတ်ကြားတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များချီးမြှင့်ခံရသူများအနက် “သီရိသီဟ ကျော်တံဆိပ်” ရရှိသည့် Colonel KURCHENKO Sergei Semyonovich၊ Captain 2nd rank YASHIN Dmitry Valerievich၊ Captain 2nd rank SHILKOV Vitaly Vasilyevich နှင့် “သီရိသူရကျော် တံဆိပ်” ရရှိသည့် Colonel(Rtd) SARATOV Sergei Nikolaevich တို့အား ဘွဲ့တံဆိပ်များနှင့် အဆောင်အယောင် များကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။
၎င်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ Captain 2nd rank YASHIN Dmitry Valerievich က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ညာ စာအမှတ် ၇၇ ဖြင့် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော မြန်မာ့တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများအား စွမ်းဆောင်ဆု တံဆိပ်များဖြစ်သည့် နိုင်ငံတကာ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်ဆုတံဆိပ်နှင့် တိုက်ပွဲ ဝင်သွေးသောက်စိတ်မြှင့်တင်မှုဆုတံဆိပ်တို့ကို ချီးမြှင့်အပ်နှင်းသည့်အမိန့်အား ဖတ် ကြားတင်ပြသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin က “နိုင်ငံတကာ စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်ဆုတံဆိပ်” ချီးမြှင့်အပ်နှင်းခြင်းခံ ရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဆုတံဆိပ်ကို ဂါရဝပြုချီးမြှင့်အပ်နှင်းသည်။
ဆက်လက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဆင့်မြင့် တပ်မတော် အရာရှိကြီးများအား ဆုတံဆိပ်များတစ်ဦးချင်း ချီးမြှင့်အပ်နှင်းခဲ့သည်။
#PeopleMedia