မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး
PUBLISHED - September 15, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၅
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ အလုပ် သဘောခရီးစဉ် သွားရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့ Tolmachevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာလ ၁၂ ရက်၊ ညပိုင်းတွင် ရောက်ရှိခဲ့ရာ လေဆိပ်၌ နိုဗိုစီဗစ်ဒေသအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိ သူများက ကြိုဆိုခဲ့ကြသည်။
စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုဗိုစီဗစ်မြို့မှ မော်စကိုမြို့သို့ ထွက်ခွာခဲ့သည်။
စက်တင်ဘာလ ၁၄ရက်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆွေးနွေးပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ ကျင်းပခဲ့ရာ ဆွေးနွေးပွဲကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်း ဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လတ်ဗ်ရော့တို့က ပူးတွဲဦးဆောင်ကျင်းပခဲ့ကြပြီး၊ ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကာနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၌ မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ စွမ်း အင်၊ စက်မှု၊ ပညာရေး၊ ပြန်ကြားရေးအစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနှင့် ဆောင်ရွက်ဆဲ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်စေရေးကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံအပေါ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ မူအရ ရပ်တည်ချက်၊ နားလည်မှုနှင့် ခိုင်မာစွာ ထောက်ခံမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ နေ့လယ်စာစားပွဲ၌ သက်ဆိုင်ရာနိုင်ငံများ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများနှင့် နှစ်ဖက်စိတ်ဝင်စားမှုရှိသည့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ခဲ့ကြသည်။
#PeopleMedia