မြန်မာ-ရုရှားနှစ်နိုင်ငံ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ ဆွေးနွေး
PUBLISHED - February 21, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြားရှည်ကြာခိုင်မြဲသည့် သံတမန် ဆက်ဆံမှုများရှိခဲ့ပြီး ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးတက်ကောင်းမွန်လာမှု အခြေအနေများ၊ နှစ်နိုင်ငံနိုင်ငံ့ ခေါင်းဆောင်များနှင့် အဆင့် မြင့်အရာရှိကြီးများအနေဖြင့် ချစ်ကြည်ရေးခရီးများ အပြန်အလှန် သွားရောက်ခဲ့မှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိမှုအခြေအနေများ၊ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေး အတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက် ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့် ဓာတ်မြေဩဇာ များလုံလောက်စွာရရှိရေးနှင့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက် ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံ အမတ်ကြီး H.E. Mr. Iskander Azizov နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
#PeopleMedia