မြန်မာ-အီဂျစ်နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် အစိုးရချင်းသာမက စီးပွားရေးလုပ်ငန်းရှင်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများဆွေးနွေး
PUBLISHED - August 29, 2023
နေပြည်တော်၊ သြဂုတ် ၂၉
မြန်မာသံရုံး၊ ကိုင်ရိုမြို့မှ သံအမတ်ကြီး ဦးမြင့်လွင်သည် အီဂျစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီး ဌာန၊ အာဆီယံနိုင်ငံများဆိုင်ရာ တာဝန်ခံဖြစ်သူ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ambassador Hazem El Tahry အား သြဂုတ်လ ၂၇ ရက်တွင် ၎င်း၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် အစိုးရချင်းသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လယ် ယာစိုက်ပျိုးရေးဆိုင်ရာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ အီဂျစ်အစိုးရက မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသားများအား နှစ်စဉ်ပေးအပ်နေသည့် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်ရေး သင်တန်းများအတွက် ပညာသင်ဆုများကို ဆက်လက်ပေးအပ်သွားနိုင်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံအတွက် အာရေဗီ ဘာသာ စကားပညာသင်ဆုများကို ယခင်အတိုင်း ဆက်လက်ပေးအပ်သွားနိုင်ရေးကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးနေသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည် ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှု များ၊ ပြည်နယ်/တိုင်းဒေသကြီးအချို့တွင် အကြမ်းသမားများက အကြမ်းဖက် ဆောင်ရွက်နေမှုကြောင့် ယင်း ဒေသများတွင် တည်ငြိမ်၊ လုံခြုံ ၊ အေးချမ်းမှု ရရှိစေရေး လုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်လုပ်ဆောင်နေမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုအခြေအနေ များနှင့်စပ်လျဉ်း၍လည်း အခြေအနေမှန်တို့ကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
#PeopleMedia