မြန်မာ-အီရန်နှစ်နိုင်ငံသိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်မည့်အခြေအနေများဆွေးနွေး

PUBLISHED - January 8, 2025
နေပြည်တော်၊ ဇန်နဝါရီ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Dr. Nassereddin HEIDARI သည် ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သိပ္ပံနည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်သည့် အခြေအနေများ၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရေး တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#PeopleMedia