မြန်အောင်မြို့နယ်မှ PDF အဖွဲ့ဝင် ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်
PUBLISHED - February 10, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက် သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်းနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယမန်နေ့က ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။
ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးတို့သည် ၎င်းတို့နှင့် အတူပါလာသည့် M-4 အမျိုးအစား မောင်းပြန်ရိုင်ဖယ်(၁)လက်အတွက် ဆုကြေးငွေ ကျပ်သိန်း(၅၀)၊ Glock ပစ္စတို(၁)လက်အတွက် ဆုကြေးငွေ ကျပ်သိန်း(၂၀)၊ Zoraki ပစ္စတို(၁)လက်အတွက် ကျပ်သိန်း(၂၀)၊ စုစုပေါင်းကျပ်သိန်း (၉၀) နှင့် ထောက်ပံ့ ပစ္စည်းများ၊ စားသောက်ဖွယ်ရာများအားပေးအပ်ခဲ့သည်။
ဆက်လက်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့် ငွေများနှင့် စားသောက်ဖွယ်ရာများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က ပေးအပ်ခဲ့သည်။
၎င်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ်ပေး လျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။
#PeopleMedia