မြဝတီမြို့နဲ့ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများနှင့် တရားမဝင် နေထိုင်သူများ (၆) လအတွင်း ထွက်ခွာရန်နှင့် ထွက်ခွာမှုမရှိပါက ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံ၏ သံရုံးကို အပ်မည်ဖြစ်ကြောင်း စောချစ်သူ အမိန့်ထုတ်

PUBLISHED - May 6, 2024
နေပြည်တော်၊ မေ ၆
ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများနှင့် တရားမဝင် နေထိုင်သူများ အနေဖြင့် (၆) လအတွင်း ထွက်ခွာရန်နှင့် ထွက်ခွာမှုမရှိပါက ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံ၏ သံရုံးကို အပ်မည်ဟု BGF ခေါင်းဆောင် စောချစ်သူက အမိန့်ထုတ်လိုက်ကြောင်း သိရသည်။
မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ ကျားဖြန့်လုပ်ငန်း ဆောင်ရွက်နေကြသည့် နိုင်ငံသားများ အားလုံး ၂၀၂၄ ခုနှစ် မေလ (၁)ရက်မှ အောက်တိုဘာလ (၃၁)ရက်အတွင်း ထွက်ခွါပေးရန်နှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင် ရောက်ရှိလာသော နိုင်ငံခြားသားများသည် မိမိတို့လာရာလမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွါပေးရမည် ဖြစ်ပြီး အောက်တိုဘာလ (၃၁) ရက် နောက်ပိုင်း တွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု ရွှေကု က္ကိုလ်မြို့ပေါ်တွင် သတိပေး ပိုစတာဆိုင်းဘုတ်များ ထောင်ထားသည်။
ယင်းသို့ သတိပေး ပိုစတာဆိုင်းဘုတ်များ ထောင်ခဲ့ပြီးနောက် မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်း စင်တာတချို့ တွင် လုပ်ကိုင်သည့် နိုင်ငံခြားသားတချို့က လုပ်ငန်း ဒေဝါလီခံသည်ဟုဆိုကာ ထွက်ခွါသွားကြကြောင်း သိရသည်။
သတိပေးဆိုင်းဘုတ်များ ထောင်ထားသော်လည်း ရွှေကုက္ကိုလ်မြို့ အဝင်အထွက်ကို မနက် (၆)နာရီမှ ညနေ (၆)နာရီအထိ ဖွင့်လှစ်ထားဆဲဖြစ်ပြီး ရွှေကုက္ကိုလ်မြို့တွင် နေထိုင်ခွင့်များ လုပ်ရန် ခက်ခဲလာကြောင်းနှင့် နေထိုင်ခွင့်ရှိမှသာ အဝင်အထွက်လုပ်ရန်အဆင်ပြေကြောင်း သိရသည်။
#PeopleMedia