မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား KNU/PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်မှုကြောင့် ထွေ/အုပ် ဝန်ထမ်းများ၊ တပ်မတော်အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင် အပါအဝင်စုစုပေါင်း (၅) ဦး ကျဆုံး

PUBLISHED - September 4, 2023
နေပြည်တော်၊ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အစည်းအဝေးလုပ်နေစဉ် KNU/ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်မှုကြောင့် ထွေ/အုပ်ဝန်ထမ်း၊တပ်မတော်အရာရှိ၊ ရဲတပ်ဖွဲ့ဝင် အပါအဝင် စုစုပေါင်း (၅) ဦး ကျဆုံးကာ (၁၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ (၃) ရက် ညနေ (၆) နာရီ (၂၀) မိနစ်ခန့်က မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အစည်းအဝေး ပြုလုပ်နေစဉ် KNU/PDF အဖွဲ့မှ ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးအမျိုးအစား (၂) လုံး ပစ်ချ တိုက်ခိုက်ခဲ့သည်။
အဆိုပါ ဗုံးသီးနှစ်လုံးသည် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမပေါ်သို့ တစ်လုံးပေါက်ကွဲခဲ့ပြီး အစည်းအဝေး ခန်းမ အမိုးပေါက်ပြဲပျက်စီးသွားကြောင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး အိမ်ဘေးသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပစ္စည်းအဟောင်းများ ထားရှိသည့် စတိုခန်းဘေးအကာများ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးနေစဉ် ည (၇) နာရီခွဲအချိန်ခန့်တွင် KNU/PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးနှစ်လုံး ထပ်မံပစ်ချတိုက်ခိုက်ခဲ့သဖြင့် ခရိုင်ရုံး ဆင်ဝင်အောက်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး (၅) ဦး ကျဆုံးကာ (၅) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး (၆) ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ခရအမှူး(မြဝတီ) ဦးစိုးတင့်၊ ယာယီရင်းမှူး အောင်ကျော်မင်း၊ ရဲအုပ် နေလင်းစိုး၊ ထွေ/အုပ်မှ ဦးစီးအရာရှိ ထွန်းထွန်းညိမ်း၊ ထွေအုပ်မှ အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်တို့ ကျဆုံးသွား ကြောင်း သိရသည်။
#PeopleMedia