မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင်လောင်းကစားမှုများနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့

PUBLISHED - February 26, 2025
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယမန်နေ့တွင် ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“မြဝတီမြို့ မေတ္တာလင်းမြိုင်ကျေးရွာ ဧက ၁၀၀ ဆိုဒ်ထဲက တရုတ်လူမျိုး Zhong Guo ပိုင်တဲ့ Huan Ya ကုမ္ပဏီမှာ အွန်လိုင်းကနေတစ်ဆင့် လိမ်လည်ရတဲ့အလုပ်ကို လုပ်ခဲ့ရပါတယ်။ လစာတော့ မရခဲ့ပါဘူး။” ဟု ထိန်းသိမ်းထားရှိသည့် တရုတ်နိုင်ငံသူ Mrs. Shi Rong Min က ပြောသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၂၅၃၈ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၇၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၈၆၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း သိရသည်။
#PeopleMedia